Wednesday, June 11, 2008

ကျေးဇူးရှင် ဧရာဝတီ မျိုးဆက်သစ်များအတွက်

ဆူနာမီဖြစ်ပြီးနောက်ပိုင်း မြန်မာလူထု ကျမ်းမာရေးပညာပေး လုပ်ငန်း တွေထဲမှာ ကျွန်တော်ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေခဲ့တာ ယနေ့ထိပါပဲ။ ပညာတတ် တစ်ယောက် မဟုတ်လေတော့ အလုပ်လုပ်ရင်း အတွေ့အကြုံ တွေကနေပဲ ကျွန်တော့်ကို သင်ယူနေခဲ့ပါတယ်။

ကျန်းမာရေးပညာပေး သူတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ စာသင်ကျောင်းတွေမှာ၊ ဒေသတွေမှာ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရတဲ့ ကလေးတွေ ကိုတွေ့ဆုံခဲ့ရပါတယ်။ ဆူနာမီိရေလှိုင်းဖြစ်ပြီး နစ်နှစ်ကျော်ကာလ မှာ UNICEF နဲ့ ကျွန်တော်တို့ GHRE အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ ဆူနာမီ ဖြစ်အပြီး ကလေးများရဲ့ စိတ်ဒဏ်ရာများ ပြန်လည်စမ်းစစ်ရန် အတွက်စစ်တမ်းကောက်ခဲ့ပါတယ်။ မေးနေရင်းနဲ့ ငိုတဲ့ကလေး၊ သွေးစုပ်ဖြူလျှော်သွားတဲ့ကလေး၊ သားမိဘနဲ့ သူငယ်ချင်းတွေ မရှိတော့ ဘူးလို့ မျက်နှာကြောင်လေးနဲ့ ပြောတဲ့ ကလေးတွေ ကိုတွေ့ရှိခဲ့ပါတယ်။ ကလေးတွေရဲ့ အတွင်းစိတ်မှာ ဆူနာမီနဲ့ ပါတ်သတ်တဲ့ ကြောက်လန့်မှုတွေ၊ ထိန့်လန့်မှုတွေ ရှိနေသေးတယ် ဆိုတာသိရှိခဲ့ရပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန်ထိ စာသင်ကျောင်း တွေမှာ၊ လုပ်ငန်းခွင်တွေ မှာ ရှိတဲ့ဆူနာမီ ဒဏ်ခံကလေးတွေရဲ့ စိတ်ခံစားမှုတွေကို နှစ်သိမ့်ဆွေးနွေးခြင်းအားဖြင့် အိပ်မက်ဆိုးတွေကနေ လွတ်မြောက်အောင် ကုသပေးရမယ်ဆိုတာ ကျွန်တော် နားမလည်ခဲ့ပါဘူး။

ဆူနာမီ ဖြစ်ပြီးလေးနှစ်ကျော်ကာလမှာ ကျွန်တော်တို့ ကျန်းမာရေးဌာနကို ဟားဗတ် တက္ကသိုလ်က စိတ်ပညာကျန်းမာရေးဌာနက ပါမောက္ခ တစ်ဦးရောက်လာတော့မှ သဘာဝဘေးအန္တရာယ်အလွန် ကလေးများရဲ့ စိတ်ကျန်းမာရေးအတွက်နှစ်သိမ့်ဆွေးနွေး အပိုင်းဟာ အရေးကြီးကြောင်း ကျွန်တော်နားလည်ခဲ့ပါတယ်။ သိသိခြင်း ကျွန်တော် ဆူနာမီဒဏ်ခံ ကလေးတွေကိုစုပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်းတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ လေးနှစ်ကျော်ခဲ့ ပါပြီ။ ဆူနာမီ ဒဏ်ခံကလေးများဟာ ပြန့်ကျဲနေပါပြီ။ ကျွန်တော် သူတို့အတွက် စိတ်မကောင်းဖြစ်မိခဲ့ရပါတယ်။ ဆူနာမီဖြစ်ပြီးနောက်ပိုင်း ထိုင်းအစိုးရ စာသင်ကျောင်းတွေမှာ ထိုင်းဆရာဝန်တစ်ဖွဲ့ဟာ စနစ်တကျနဲ့ နှစ်သိမ့်ဆွေးနွေးပေးမှုတွေ လုပ်နေခဲ့တာဟာ ယခုဆိုရင် ၇၀% ကျော်ဟာ အိမ်မက်ဆိုးတွေကနေ ပြန်လည် သက်သာလာနေပါပြီ။

အဲဒီအတွေ့ အကြုံပေါ်မူတည်ပြီး နာဂစ်မုန်တိုင်း ဒဏ်ခံကလေးတွေ ကိုတိကျတဲ့နှစ်သိမ့်ဆွေးနွေး ပေးမှုတွေနဲ့ စိတ်ဒဏ်ရာတွေ ပြန်လည်သက်သာစေခြင်တာ ရင်ထဲမှာ ပြင်းထန်တဲ့ ဆန္ဒတစ်ခု ဖြစ်လို့လာပါတယ်။ ကျွန်တော်တို့ ရဲ့ ကျေးဇူးရှင် ဧရာဝတီမျိုးဆက်သစ်တွေ အိမ်မက်ဆိုးများနဲ့ ရှင်သန်လာ ရမှာကို မလိုလားပါဘူး။ နာဂစ်လေမုန်တိုင်းဒဏ်ခံကလေး တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရနေတဲ့ ပြည်တွင်းက ညီအစ်ကိုမောင်နှမများ ဖော်ပြထားတဲ့ ဇယားကွက်လေး အတိုင်းနှစ်သိမ်ဆွေးနွေးပေးဖို့ မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ ကလေးများနဲ့တွေ့ဆုံ ဆွေးနွေးမှုပြီးတိုင်း ကလေးများရဲ့ စိတ်ထိခိုက်ညှိုးနွမ်းမှုကို ပြန်လည်ဖြေသိမ့် ပေးဖို့လည်း လိုအပ်ပါလှပါတယ်။



Read more...

Saturday, June 7, 2008

ဝမ်းနည်းရတဲ့ မနက်ခင်း

June,4,2008

ဒီနေ့ တစ်မနက်လုံးရုံးမှာ ရှိနေတယ်။ သတင်းဌာနတွေမှာ သတင်းကြည့်လိုက် သတင်းတွေဖတ်လိုက်နဲ့ အချိန်ကုန်တယ်။ ဘလောက်တွေကို လိုက်လည်တယ်။ ကိုသင်ကာ ဘလောက်မှာ ၀မ်းနည်းလွန်းလို့ ကွန်မန့်ဝင် ရေးတယ်။ နာဂစ် ကြောင့်ဝမ်းနည်းလို့ ငိုခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းလှ တော့ပါဘူး။

ညနေပိုင်းမှာ ဘန်စိုင်းသစ်စက်ကို ဆေးကုဖို့သွားတယ်။ အခါတိုင်းအဲဒီနေရာကို တစ်ပါတ်တစ်ခါ ဆိုင်ကယ် နဲ့ကလေးတွေကိုစာသွားသင်ပေးနေကြ။ ထိုင်းအစိုးရက မြန်မာအလုပ်သမားများ ဆိုင်ကယ်မစီးရ၊ ဖုန်းမကိုင်ရ ဥပဒေနဲ့ ည ၈နာရီမှ မနက် ၆နာရီမထွက်ရ မာရှယ်လောကြောင့် အရင်လိုမသွားဖြစ်တော့။ အဲဒီနေရာက ဒီဒေသမှာ အဆိုးဆုံးလိုဖြစ်နေတယ်။ လမ်းသရဲနဲ့ ရပ်ကွက်ကလူတွေကပါ ၀ိုင်းဖမ်းပေးနေတာကြောင့် ကားနဲ့ပဲသွားလို့ ရတော့တယ်။ တစ်လ တစ်ကြိမ်ကို မနည်းရောက်အောင် သွားနေရတယ်။

အလုပ်သိမ်းချိန်ဆိုတော့ လူတွေများလိုက်တာ။ ခြင်းလုံးခတ်သူ ခတ်၊ ဘောလုံးကန် သူကန်၊ ရေချိုးသူချိုးနဲ့ ညနေပိုင်း နေ၀င်ချိန်မှာ ဒီမြင်ကွင်းကိုမြင်ရတာ ရွာကြီးတစ်ရွာလိုပါပဲ။ တစ်ချို့ ကလည်း ၀င်ငွေပိုအောင် ငါးမြှုံးယပ်နေတယ်။ အော်…. တို့လူမျိုးတွေ ရောက်ရာအရပ်မှာ ပျော်အောင်နေနေ ရတာ။ ကလေးတွေလည်း မိဘပြန်လာတော့ သနပ်ခါးအဖွေးသားနဲ့ ပျော်နေလိုက် တာ။ ည ၈ နာရီကျော်မှ ပဲရုံးကို ပြန်လာနိုင်တယ်။ လမ်းအကွေ့အကောက် များတာကြောင့် အပြန်မှာ ခေါင်းတွေနောက်ပြီး ကားမူးလာ တယ်။

Read more...

ပါးပါးလေး ပေါက်ကွဲခြင်း

June,3,2008

“ရွှေ့ ပြောင်းအလုပ်သမား တစ်ယောက်ရဲ့ ဘ၀ဟာ ခြိမ်းခြောက်မှုတွေနဲ့ စတင် တယ်။” ကျီးလန့်စာစား ဘ၀နဲ့ နေ့တဓူဝ အနှိမ်ခံ၊ ခြိမ်းခြောက်ခံ ဘ၀နဲ့ ကျင်လည်ရတယ်။ လူသားတစ်ယောက် ဆိုပေမယ့် လူသားတစ်ယောက်မှာ ရှိသင့်တဲ့ လူ့အခွင့်အရေး တော်တော်များများဟာ ဟိုးအဝေးမှာပါ။ အလုပ်သမား တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေဟာ စာအုပ်တွေထဲမှာ ရယ်၊နံရံမှာကပ်နေတဲ့ နံရံကပ်ပိုစတာတွေထဲမှာ ပဲရှိတာ။ အပြင်ကို ထွက်မလာ တတ်ပါဘူး။

ဘန်နီယား စာသင်ကျောင်းကို ကလေးတွေကျန်းမာရေးစစ်ဆေး ပေးဖို့သွားတယ်။ ကျန်းမာရေးစစ်ဆေးပြီး အလယ်တန်း ရောက်နေပြီဖြစ်တဲ့ ကလေးတွေနဲ့ စာဖတ်ခြင်းအကြောင်းဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လိုစာအုပ်မျိုး ဖတ်သင့် တယ် ဆိုတာဆွေးနွေးရင်းနဲ့ အလယ်တန်းအဆင့်ရောက်နေပြီဖြစ်တဲ့ ကျောင်းမှာ ကျောင်းစာကြည့်တိုက် ထားပေးဖို့ အတွေးပေါ်လာတယ်။

ကျောင်းကအပြန်မှာ ဆေးခန်းကို လာတဲ့လူနာတွေ ဆေးကုပေးလိုက်၊ ငွေစာရင်းရှင်း လိုက်နဲ့ ဒီနေ့တစ်နေ့ လုံးအချိန်ကုန်တယ်။

Read more...

ခါးလိုက်တဲ့ ဘ၀တွေ

June,2,2008

“ခါး….ခါး… ဘ၀မှာ… ကော်ဖီရယ်… ခါး….. ကော်ဖီဆိုရင်….. ခါး…..ခါး….သောက်မိတယ်…” လို့ ဆိုတဲ့ ကိုချစ်ကောင်းရေ….. ဘ၀မှာ ခါးလိုက်ပုံများ ကော်ဖီခါးခါး မပြောနဲ့ ရေခါးခါးတစ်ပေါက်သောက်ဖို့ တောင် တစ်ခါတစ်လေ အစဉ်မပြေခြင်ဘူး။

ကော့ကလွိုင် ရာဘာခြံကို ကျန်းမာရေးပညာပေးဖို့ရယ် ကျမ်းမာရေး စောင့်ရှောက် မှုပေးဖို့ရယ် သွားတယ်။ မိမိဖါသာ သွားဖို့အစီအစဉ်ရှိပေမယ့်။ ကော့ကလွိုင်ကိုပဲ ဦးပဇင်းများ ဆွမ်းစား ရှိတာကြောင့် ရုံးက ခရီးစဉ်ကို တွဲလွှတ်တယ်။ ၉ နာရီမှာ စထွက်ဖို့ စီစဉ်ထားပေမယ့်။ ဘာအကြောင်းရယ်မှ ရေရေ ရာရာ မရှိပဲ တစ်ယောက်စောင့် တစ်ယောက်စောင့်နဲ့ ၉နာရီ ၄၅ မှ စထွက်ဖြစ်တယ်။ ဦးပဇင်းသုံးပါးကို ၀င်ကြိုတယ်။ ဦးပဇင်း ဦးပညာ တောင်ခရီးကနေ ပြန်ရောက် နေပြီပဲ။ ဦးပဇင်းကိုမြင်တော့ ဆေးရုံမှာ သူရဲဝင်ပူးနေတဲ့ ကလေးကို သူရဲပြန်ထုတ်ပေးရာက ဆေးရုံမှာ ဆရာဝန်နဲ့ ရန်ဖြစ်တာ သွားသတိရမိတယ်။




ဦးပဇင်းတွေ ဆွမ်းစားဖိတ်တာ ဘာအကြောင်းကြောင့် သေချာမသိပေမယ့် ဟိုရောက်တော့ နာရေးဖြစ်နေတယ်။ ရက်လည် ဆွမ်းသွပ်ဖို့ ဦးပဇင်းတွေကို စောင့်နေတာ လူတွေအများကြီးပဲ။ အင်း… မြန်မာ ဦးပဇင်းရှားတယ် မဟုတ်လား။ သေဆုံးသူက အောင်ကျော်စိုး၊ အသက်က (၁၇ နှစ်) ပဲရှိသေးတယ်။ မန္တလေးတိုင်း ပျော်ဘွယ် မြို့နယ် ကနေ ပိုက်ဆံ ၅ သိန်းခွဲပေးပြီးအလုပ် လာလုပ်တာ ၃ လ ကျော်ကျော် မှာပဲ သူဆုံးတယ်။ အင်း… သူအလုပ်လာ လုပ်တဲ့အချိန် ထိုင်းနိုင်ငံတောင်ပိုင်းမှာ အလုပ်သမား ၅၄ ဦးသေဆုံးမှု နဲ့ လူဖမ်းပွဲကျင်းပနေချိန်ဆိုတော့ သူ့ခမျာ မသေမှီ တောထဲမှာ ပုန်းအောင်းနေရင်း၊ တောထဲမှာ ပဲသေဆုံးသွားခဲ့ရတယ်။ မန္တလေးကနေ ထွက်လာတာ အားလုံးပေါင်း (၆) ဦးပါတဲ့။ သူတို့အထဲမှာ အကြီးဆုံး ကအသက် (၂၃) နှစ်၊ အဲဒီအထဲမှာ သေဆုံးသူ အောင်ကျော်စိုးရဲ့ အစ်ကို ၀မ်းကွဲ နှစ်ယောက် ပါတယ်။ သူတို့အားလုံးမျက်နှာ မကောင်းကြ။ ရေစက်ခွက်ကိုင်တဲ့ အစ်ကိုဖြစ်သူရဲ့ လက်တွေက တုန်တုန်ယင်ယင် ကလေးသာသာ အရွယ်တွေ ကြောင့် ပတ်ဝန်းကျင်က လူတွေက သနားလို့ဝိုင်းဝန်းကူညီပေး လို့သာတော်သေးသည်။ သူတို့ချည်းဆိုရင် မလွယ်။ ဒီနေ့မှာပဲ ပြည်တွင်းက မိဘများကလည်း ရက်လည်ဆွမ်းကျွေးမယ် သူတို့ရင်ထဲမှာ ဘယ်လိုဖြစ်နေမလည်း တွေးမိရင် စိတ်မ ကောင်း။ ( ရွှေ့ ပြောင်းအလုပ်သမား တစ်ယောက်၏ နာရေး ဓာတ်ပုံများ)

တရားနာပြီးတော့ နေ့လည် ၂နာရီထိုးခါနီးပြီ။ နာရေးကိစ္စ မှာဝိုင်းကူလိုက်တာ ကြောင့် မိမိအလုပ်က မလုပ်ဖြစ်တော့။ ရှိပါစေတော့။ အပြန်မှာ နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခ ရောက်ရသူတွေအတွက် အလှူငွေဝိုင်းကောက်ခံ ပေးကြတဲ့ အလုပ်သမား ခေါင်းဆောင်များထံ ၀င်၍ (ပထမအကြိမ်) ငွေစာရင်းရှင်းတမ်းများကို ဖြန့်ဝေပေးရင်း ဒုတိယအကြိမ် အတွက်လည်း ငွေစာရင်း ကောက်ခံလွှာများ ဖြန့်ဝေပေးခဲ့တယ်။



Read more...

နှစ်ဝက်တောင် ရောက်ပြီ

June,1,2008

နှစ်ဝက်တစ်ခု ရဲ့ပထမ ရက်ကိုရောက်လာပြီ။ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ပြန်တွေး ကြည့်တော့လည်း ရေးရေးရယ်။ အကောင်းနဲ့ အဆိုးတွေရောထွေးနေတယ်။ ကျမ်းမာရေး ပညာပေးပွဲတစ်ခုပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဖျက်လိုက်ရတယ်။

လွန်ခဲ့တဲ့ အပါတ်က ရုံးကကားတစ်စီးကို အလုပ်သမားကဒ် မရှိသူ တင်ဆောင်မှု နဲ့ဖမ်းခံရတာကြောင့် (တရားမ၀င်) ဒဏ်ငွေ လေးသောင်းဘတ် ပေးဆောင်လိုက်ရ တယ်။ အဲဒီအကြောင်းအရင်း တစ်ခုကြောင့်သင်တန်းဖျက်ရတာလည်း ပါတယ်။ သင်တန်းတွေကို လူထုထဲမှာ ပဲသွားပေးနိုင်အောင် အစီအစဉ်တွေပြန်ပြောင်းရမယ်။

ရာသီဥတုသာယာတယ် ထင်ရပေမယ့် ညနေပိုင်းမှာ လျှပ်တွေ လပ်ပြီးမိုးသည်း ထန်စွာရွာတယ်။

“ကိုယ့်သဘော ဆန္ဒတစ်ခု၊ အပြုအမူတစ်ခု၊ အပြောအဆိုတစ်ခု ကြောင့် သူတပါးကို မထင်မှတ်ပဲ ထိခိုက်မိတတ်တယ်။ အရာရာကို သတိနဲ့ တုံ့ပြန်ရမယ်။”

Read more...

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP