Sunday, October 26, 2008

သစ်စက်လုပ်သားများဘဝ

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရာဘာခြံလုပ်ငန်းကို ထိုင်းလူမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ပါတယ်။ အလုပ်သမားအများစုက ရွှေ့ ပြောင်းမြန်မာအလုပ်သမားတွေပါ။ ရာဘာခြံလုပ်ငန်းနဲ့ ဆက်စပ်လို့ သစ်စက် လုပ်ငန်း လည်းရှိပါတယ်။ အပင်တွေအိုပြီးအစေးထွက်နှုန်းနည်းလာရင် ရာဘာခြံပိုင်ရှင်တွေဟာ သစ်စက်တွေကို ပုတ်ဖြတ် ရောင်းချလိုက်ပါတယ်။ ရောင်းချလိုက်တဲ့ သစ်ကွက်တွေမှာ မြန်မာအလုပ်သမား တွေဟာ စက်ယန္တရားတွေ၊ ဆင်တွေနဲ့အပြိုင်ရာဘာအပင်အိုတွေကို ဖြိုလှဲပြီးသစ်စက်ကို ရောက်အောင်ပို့ဆောင် ရပါတယ်။ တစ်ချို့  သစ်ကွက် တွေဟာလူသူနဲ့ အလှမ်းဝေးလှတဲ့အတွက် မြန်မာအလုပ်သမားများလုပ်ငန်းခွင် အန္တရာယ်များ အပြင်အခြားမမျော်လင့်တဲ့ အန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ ၂၀၀၈ ခုနစ် (ရ) ရက်နေ့ ည(၁၁)၀န်းကျင်မှာ... သေနတ်သံကြားတဲ့ကိုညို ရဲ့ တဲဘက်ကိုဘ၀တူလုပ်သားတွေစုပြီး အပြေးသွားကြပါတယ်။ ရက်နှစ်ဆယ်ခန့်သာ ရှိသေးတဲ့ သမီးလေးကို ရင်ခွင်ထဲမှာ ပိုက်လျှက် ပြေးထွက်လာတဲ့ ကိုညိုရဲ့ ဇနီးဖြစ်သူ မရီ ကိုလမ်းခုလတ်မှာ တွေ့ရပါတယ်။ ကိုညို ကတော့တဲအပေါ်မှာမှောက်လှက်အနေအထားနဲ့သွေးအိုင်ထဲမှာသတိမေ့နေတာတွေ့ရပါတယ်။
သူတို့ကြုံတွေ့ခဲ့ရတာ တွေကို မရီ ပြန်ပြောပြတာက မျက်နှာဖုံးစွပ်နဲ့ လူလေးယောက် တဲပေါ်ကို တက်လာ ပါတယ်။ သေနတ် ကိုယ်စီနဲ့ လူနှစ်ယောက်ရယ် ကျန်နှစ်ယောက်က ဓါးကိုယ်စီကိုင်ထားပါတယ်။ ရှိသမျှပစ္စည်းနဲ့ ပိုက်ဆံကို ထုတ်ပေး ဖို့တောင်းပါတယ်။ ကျွန်မယောကျာင်္းက ပိုက်ဆံမရှိဘူး လို့ပြောပါတယ်။ စက်ပစ္စည်းတွေ တော့သူဌေးဟာတွေမို့လို့မပေးရဲဘူးလို့ ပြောပါတယ်။ ဓားပြထဲကတစ်ယောက်က ကလေးကိုပွေ့ထားတဲ့ ကျွန်မကို မှောက်လျှက်ဖြစ်သွားအောင်ကျောကို ကန်ပြီးနင်းထားပါတယ်။ အောက်ကပိနေတဲ့ ကလေးက ငိုပါတယ်။ ကျွန်မ ယောင်္ကျားက၀င်လုံးပါတယ်။ နားထဲမှာ ဆူညံ့တွေကြားရတယ်။ နောက်တော့ သေနတ်သံနဲ့အတူ ကျွန်မယောင်္ကျား အော်သံကြားရတယ်။ ကျွန်မကို ခြေထောက်နဲ့ ဖိထားတာလျော့သွားတော့ ကျွန်မလည်း ထွက်ပြေးလာတာပါလို့ပြန်ပြောပြပါတယ်။
ဝမ်းဗိုက်နဲ့ ညာဘက်ပေါင်မှာ သွေးထွက်နေတဲ့ ကိုညိုကို ဖန်ငဆေးရုံကြီးကို အခက်အခဲပေါင်းများစွာနဲ့ ညတွင်းခြင်း ပို့ဆောင်ပေးခဲ့ရပါတယ်။ နောက်တော့ တကောပါ ဆေးရုံကြီးကိုထပ်မံလွဲပြောင်းကုသခဲ့ရပါတယ်။ ကိုညိုကိုစတွေ့ကတည်းကနေ အခုချိန်ထိသတိမရသေးဘူးလို့လည်း ညီဖြစ်သူ ဇော်မင်းကပြောပြပါတယ်။ တကောပါ ဆေးရုံကြီးရဲ့ စစ်ဆေးချက်အရ ၀မ်းဗိုက်အသဲအောက်ဘက်နားမှာ သေနတ်ဒဏ်ရာနဲ့ ညာဘက်ပေါင် မှာဓားဒဏ်ရာတို့ ရရှိတယ်လို့ဆိုပါတယ်။ ဆေးရုံမှာ သေလုမျောပါးဒဏ်ရာတွေ နဲ့သတိမေ့နေတဲ့ကိုညို ပြန်လည် ကျန်းမာလာဖို့ကိုသာ မိသားစုအနေနဲ့ဆုတောင်းနေကြပါတယ်။ တရားမ၀င်ရွှေ့ ပြောင်းအလုပ်သမား တစ်ဦး အနေနဲ့ တရားဥပဒေဆိုတာ သိပ်ပြီးအကာအကွယ်နဲ့ အရေးယူပေးနိုင်မှုမရှိပါဘူး။
မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ရဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လို့သာလာ နေပါတယ်။

Read more...

Thursday, October 9, 2008

အမြဲပျော်ရွှင် နိုင်ပါစေ

ကျွန်မ၏ အကြောင်း
ကျွန်မ၏ အမည်သည် မလှိုင်းအိအိ ဖြစ်ပါသည်။ ကျွန်မ၏ အသက်သည် (၁၃) နှစ်ရှိပါသည်။ ကျွန်မမှာ မောင်လေး တစ်ယောက်ရှိပါသည်။ မောင်လေး၏ အမည်သည် ဝေလုကျော်ဖြစ်ပါသည်။ ကျွန်မမိဘများမှာ ဦးစန်းထွေးနှင့် ဒေါ်ဌေးခိုင်တို့ ဖြစ်ပါသည်။ ဖခင်၏အသက်မှာ (၃၅) နှစ်ဖြစ်ပြီး မိခင်မှာ အသက် (၃၄) နှစ်ဖြစ် သည်။ ကျွန်မတို့ မိသားစုသည် အလွန်ဆင်းရဲပြီး ရာဘာတုံးကိုပဲ ထမ်းနေရပါသည်။ ကျွန်မတို့ သည် မြန်မာနိုင်ငံ မှာ အရမ်းဆင်းရဲလွန်းပြီး ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်။ ကျွန်မ အဖေသည် တစ်နေ့ ၂၀၀ ဘတ်ဖြင့် အလုပ်လုပ်ရသည်။ ကျွန်မတို့ သစ်စက်မှာ နေရတာအလွန်ပျော်စရာ ကောင်းလှပါသည်။ ဒါပေမယ့် ကျွန်မတို့သည် တစ်ဘက်မှာ အလွန်ဆင်းရဲရှာပြီး မပျော်လည်းပဲပျော်အောင်ကြိုးစားပြီး နေကြရသည်။ ကျွန်မမောင်လေးသည် ဘန်နယားကျောင်းတွင် ပညာသင်ယူနေပါသည်။ ဒါပေမယ့် ကျွန်မတို့ မောင်လေးကို တစ်နေ့မှာ မုန့်ဖိုး (၁၀) ဘတ်မျှသာ ပေးနိုင်သည်။ ကျွန်မမောင်လေး ထိုင်းကျောင်းမှ ပြန်လာတိုင်း သူ့ကို ရေချိုး ပေးရသည်။ ကျွန်မအဖေ အလုပ်မှပြန်လာချိန်တိုင်းလည်း ထမင်းခပ်ပေးရသည်။ အမေဟင်းချက်သည့် အချိန်၌ လည်းဝိုင်းကူပေးရသည်။ ကျွန်မသည် ကျောင်းနေရသော်လည်း မိသားစု စားဝတ်နေရေး အဆင်မပြေသည့် အတွက်ဝမ်းနည်းမိကြောင်းသူငယ်ချင်းအပေါင်းတို့အားအသိပေးလိုပါသည်။သူငယ်ချင်းအပေါင်းတို့ အမြဲပျော်ရွှင် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
လှိုင်းအိအိ
ပါဝိကျောင်း

Read more...

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP