Wednesday, August 26, 2009
Wednesday, August 5, 2009
နမိုးနီးယား ပုလိပ်ရောဂါ
ပုလိပ်ရောဂါလို့ပြောရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် တော့သိပြီးရင်းနှီး ကျွမ်းဝင်ပြီးသားလို့ ထင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ တိရိစ္ဆာန်များ ကနေတဆင့်လူကိုကူးစက်ပျံ့ နှံ့တာပါ။ Yersinia pestis လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ရတာပါ။ Y.pestis ဘက်တီးရီးယား ရောဂါပိုးမွှား များဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတတ်ပါတယ်။
Y.pestis ဘက်တီးရီးယားပိုးဟာ နေအလင်းရောင်နဲ့ အပူမှာပျက်စီးသေဆုံးနိုင်တယ်ဆိုပေမယ့်၊ လေထဲမှာ ပျံ့ နှံ့နေချိန်မှာ တစ်နာရီထက် အထက် အသက်ရှင်ရပ်တည်နေနိုင်ပါတယ်။
ကူးစက်ပျံ့ နှံ့ခြင်း
နမိုးနီးယား ပုလိပ်ရောဂါပိုးဟာ ဆိုးရွားပြင်းထန်တဲ့ ပုလိပ်ရောဂါပိုး တစ်မျိုးဖြစ်ပါတယ်။ Y.pestis ဘက်တီးရီးယားပိုး လူ့ခန္စာကိုယ် အဆုပ်ထဲကို ၀င်ရောက်ကူးစက်ခြင်းကြောင့် ပြင်းထန်ဆိုးရွားပြင်းထန်တဲ့ နမိုးနီးယား ပုလိပ်ရောဂါဖြစ်လာရတာပါ။ ဒီအချိန်မှာ လူတစ်ဦးမှတစ်ဦးကို လေမှတဆင့် ကူးစက်ပျံ့ နှံ့ နိုင် ပါ တယ်။ ရောဂါဖြစ်ပွားနေသူ တစ်ဦးတစ်ယောက် အသက်ရှုသွင်း ရှုထုတ် ပြုလုပ်တဲ့ အချိန်မှာ ရောဂါပိုးမွှားလေးတွေဟာ လေထဲမှာ ကျန်နေခဲ့ပြီး အခြားတစ်ဦးရှုမိသွားရင်ကူးစက်ပျံ့ နှံ့ခြင်းကို ခံရမှာဖြစ် ပါတယ်။ နမိုးနီးယား ပုလိပ်ရောဂါပိုး ကူးစက်ခြင်းကို ခံရသူဟာ ရောဂါပိုးရှိသောသူ (သို့) တိရိစ္ဆာန်များနှင့် နီးကပ်စွာရှိပြီး တိုက်ရိုက်ရှုမိခြင်း၊ ထိတွေ့မိခြင်းကြောင့်အများကူးစက်မှုဖြစ်နိုင်ပါတယ်။ Bubonic ပုလိပ်နှင့် Septicemic ပုလိပ်ရောဂါပိုး ကူးစက်ခံထားရပြီး မကုခြင်း၊ မသိခြင်းတို့ကြောင့်လည်း ရောဂါပိုး အဆုပ်အတွင်းသို့ ပျံ့ နှံ့ပြီး နမိုးနီးယား ပုလိပ်ရောဂါပိုးကို ခံစားရနိုင်ပါတယ်။ (ကလစ်ပြီး ကြည့်ရန်)
ရောဂါလက္ခာ
ပထမပိုင်း (သို့) အစောပိုင်းလက္ခာများ အနေ နှင့်
• ဖျားခြင်း၊ ကိုယ်ပူခြင်း
• ခေါင်းကိုက်ခြင်း
• မောပန်းနွမ်းနွယ်ခြင်း
အဆုပ်ရောင်သော လက္ခာများ လျှင်မြန်စွာ ဖြစ် ပေါ်လာ ခြင်းနှင့်အတူ
• အသက်ရူတိုတောင်းလာခြင်း၊ မြန် လာခြင်း၊ ခက်လာခြင်း၊ ကြပ်လာခြင်း
• ချောင်းဆိုးခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း
• ရင်ဘတ်နာခြင်း
• ချောင်းဆိုးလျှင် သွေး (သို့) သလိပ် အရည်များ ပါလာခြင်း တို့ဖြစ်သည်။ နမိုးနီးယား ပုလိပ်ရောဂါပိုးသည် ၂ ရက်မှ ၄ရက်အတွင်း လူ၏ခန္ဓာကိုယ်အတွင်းတွင် ပျံ့ ပွားကူးစက်သည်။ လျှင်မြန်စွာ ဆေးဝါးကုသမှု မခံယူ လျင် အသက်ရူလုပ်ငန်းစဉ်များ ပျက်စီးခြင်း နှင့်သတိလစ်ခြင်းတို့ဖြင့် လူနာသေဆုံးနိုင်သည်။
ကာကွယ်ကုသခြင်း
တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြု၍ ဆောင်ရွက်ရမည်။ မိမိအိမ်မွေးတိရိစ္ဆာန်များ ကိုစနစ်တကျမွေးမြူကိုင်တွယ်ပါ။ ခွေးနှင့်ကြောင်တို့ တွင် လှေးများမရှိအောင် တပတ်တခါခန့် သန့်ရှင်းရေးပြုလုပ်ပေးရမည်။ အစာခွက်များကို သန့်ရှင်းအောင်ထားပေး ရမည်။ တိရိစ္ဆာန်များ နေထိုင်မကောင်းဖျားနေလျှင် (သို့) သေနေလျှင် လက်ဖြင့်တိုက်ရိုက်မကိုင်ရ။ အိမ်ပတ်ဝန်းကျင်တွင် အစားအစာများ ကို စနစ်တကျစွန့်ပစ်ရမည်။ အစားအစာများကို သေချာအောင်ဖုံး အုပ်ထား ရမည်။ အင်းဆက်ပိုးသတ်ဆေး များကို အိမ်တွင်း အိမ်ပြင် ဂရုတစ်စိုက် ပက်ဖျန်းပေးရမည်။
- ချောင်းဆိုး၊ နှာချေပါက ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ပါ၊ တစ်ရှုးစက္ကူသုံးပါက သေချာစွာစွန့်ပစ်ပါ၊ ပြီးလျင် လက်ကို ဆပ်ပြာသုံး၍ ရေဖြင့် စင်ကြယ်စွာဆေးကြောပါ (သို့မဟုတ်) အရက်ပျံပါသည့် လက်ဆေးရည်ဖြင့် ဆေးကြောပါ။
- ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်စရာ အနီးအနားတွင် မရှိပါက ပါးစပ်နှင့် နှာခေါင်းကို လက်မောင်းဖြင့်အပ်ပြီး တတ်နိုင်သမျှ ဖုံးအုပ်ပါ။ လက်နှင့်တိုက်ရိုက်မထိစေရန် ရှောင်ကြဉ်ရ မည်။
- လူအများရှိရာသို့သွားလျင် မျက်နှာဖုံး(Mask) မှန်ကန်စွာ တပ်ဆင်အသုံးပြုပါ။
နမိုးနီးယား ပုလိပ်ရောဂါပိုးကို ပိုးသတ်ဆေးများဖြင့် ၂၄ အတွင်းလျှင်မြန်စွာ ကုသပေးရမည်။ အကယ်၍ကုသမှု မပြုလုပ်ပါက ၂၄ နာရီအတွင်းပင်လူနာသေဆုံးနိုင်သည်။ ကာကွယ်ရန်အတွက် ကာကွယ် ဆေးမရှိသေးပါ။
Reference
WiKi
CDC
Bang Kok Post
Mayo Clinic
ကားလမ်းချော်ပြီး သစ်ပင်ဖြင့် တိုက်မိ
ဒီနေ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပြုလုပ်တဲ့ ရွှေ့  ပြောင်း မြန်မာ အလုပ်သမားတွေကို ဆေးရုံဘတ် လုပ်ပေးတယ်။ အဲဒီနေရာမှာ အလုပ်သမား တွေ တန်းစီ နေ လိုက်တာ လူ ၇၀၀ လောက်ရှိတယ်။ နောက်ထပ် လူတွေလည်း လာနေတုန်းပါပဲ။ ကျွန်တော့် လူနာတွေ လည်း ဘတ်လုပ်တဲ့ အထဲပါနေလို့ မကျန်ခဲ့ရအောင် လိုက်စီစဉ်ပေးနေရတယ်။
မနက် (၁၀) နာရီ ၀န်းကျင်မှာ ဆေးစစ်ခံဖို့လာတဲ့ ကားတစ်စီး ကားလမ်းချော်ပြီး သစ်ပင်ကို သွားတိုက်မိလို့ ကားပေါ်မှာ ပါလာတဲ့ အလုပ်သမားတွေ တကောပါ ဆေးရုံ ကြီးကို တင်ပို့နေရတယ် ကြားလို့ ဆေးရုံကို သွားရောက်ခဲ့ရပါတယ်။ ဆေးရုံမှာ အခြားကိစ္စနဲ့ ကြိုရောက် နေပြီးဖြစ်တဲ့ ကျန်းမာရေး ၀န်ထမ်းတစ်ဦးကို လိုအပ်တာတွေ ကူညီဖို့ လှမ်းပြောထားရတယ်။ ခဏအကြာမှာ သူအသံတွေ တုန်ပြီး မြန်မြန်လာခဲ့ဖို့ ဖုန်းပြန်ဆက်လာတယ်။ တစ်ချို့ လူနာတွေ အခြေအနေသိပ်မကောင်း ကြောင်း ဖူးကတ်ကို လွဲဖို့ လုပ်နေပြီ ဆိုတာလည်း ပြောပြတယ်။ ကျွန်တော်တို့ ဆေးရုံကို သွားနေချိန်လမ်းမှာပဲ အရေးပေါ်ကား နှစ်စီးဖူးကတ် ဘက်ကို အသံပေးပြီး မောင်းသွားတာ တွေ့လိုက်တယ်။
ဆေးရုံအရှေ့  အရောက်မှာပဲ တော်တော်လေးပျက်စီးသွားတဲ့ ကားကို အခြားကားတစ်စီးဆွဲသွားတာထပ်တွေ့ လိုက်ရတယ်။ ပျက်စီးသွားတဲ့ ကားအခြေအနေကို တွေ့မှပဲ ပိုလို့စိုးရိမ်မိသွားတယ်။ ဆေးရုံဝန်းထဲကို ရောက်တော့ အရေးပေါ်လူနာတင်ကား ၅ စီးရပ်ထားတယ်။ လူတွေလည်း ထိပ်ထိပ်ပြာပြာ ဖြစ်နေ တယ်။ အရေးပေါ်ကုသဆောင်ရဲ့ ကုတင်ထက်ပေါ်မှာ လူနာတွေ လေးငါးယောက် ဆေးပိုက်တန်းလန်းနဲ့ သတိမေ့ သူကမေ့ အော်သူကအော်နဲ့ ကုတင်ဘေးနဲ့ ကုတင်အောက်တွေမှာ သွေးစွန်းတဲ့ အ၀တ်အစားတွေပုံ လျှက်တွေ့ရတယ်။ လူလည်း အခိုက်အတန့်တော့ တော်တော်လေးပြာသွားတယ်။ အခြေအနေ အေးဆေးလို့ အဖြစ်အပျက်ကို ပြန်စီစစ်တော့ ကားပေါ်မှာ ပါလာသူ အားလုံးက ထိုင်းကားမောင်းဆရာ (မိန်းမလိုနေသူ) အပါအ၀င် ၁၉ကိုးရှိတယ်။ ဆေးကုသဖို့ မလိုသူက ကားဆရာအပါအ၀င် ၅ဦး ပြင်ပလူနာဌာနမှာက ၄ ဦး အတွင်းလူနာဆောင်မှာ ၁၀ဦးရှိတယ်။ အသက် (၂) အရွယ်ကလေးတစ်ယောက်နဲ့ အသက် (၁၆) နှစ်အရွယ် ကလေးကိုတော့ လုံးဝသတိမရသေးတဲ့ အခြေအနေကြောင့်ဖူးကတ်ဆေးရုံကြီးကို ထပ်ဆင့်ပို့ရတယ်။ တကောပါဆေးရုံမှာ ကျန်ခဲ့တဲ့ လူနာ (၈)ဦးထဲက အမျိုးသမီး (၅)ဦးနဲ့ အမျိုးသား (၃)ဦးတို့ ကိုတော့ အတွင်းလူနာ ကုဆောင်မှာ တင်ထားရတယ်။ အတွင်းလူနာဆောင်က လူနာတွေအားလုံး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရကြတယ်။ အမျိုးသားနှစ်ဦးမှာ လက်ကျိုးတဲ့အတွက် ကြပ်စည်းထားရတယ်။ လူနာအားလုံး အရေးပေါ်ခွဲစိပ်ခန်းဝင်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ အစာမစားရဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ကုတင်(၈) ခုလုံးမှာ တွေ့ရတယ်။
နို့ဗူးလေးစို့လို့လသားအရွယ်ကလေးလေး တစ်ယောက် ကို ချီပြီးသွားနေတာ တွေ့လို့ မေးကြည့် တော့ ကလေး ရဲ့ မိဘနှစ်ပါးလုံး ကားတိမ်းစောင်းမှုမှာ ပါတယ်တဲ့။ စိုးရိမ် လို့ လိုက်စုံစမ်းကြည့်တော့ ဖခင်က ဗယ်ဘက် လက်မှာ အနည်းငယ်ထိခိုက်မိတယ်ဆို ပေမယ့်၊ နို့တိုက် မိခင်က သတိရတစ်ချက်မရ တစ်ချက်ဖြစ်နေ တယ်။ ကလေးကို တိုက်နေတဲ့ နို့ကိုမေးကြည့်တော့ နို့ဆီကို ဖျော်တိုက် တယ်တဲ့။ ကလေးကို သနားလို့ dumex နို့ဗူးတစ်ဗူးနဲ့ အခြားအသုံးအဆောင်ပစ္စည်း နည်းနည်း ၀ယ်ပေးခဲ့ ပြီးရုံးကိုပြန်ခဲ့တယ်။
ညပိုင်းအိမ်ပြန်ရောက်လို့ အိပ်ယာဝင်ခါနီးမှာ ကလေးလေးရဲ့ အမေ အခြေအနေသိခြင်တာ ကြောင့်ဖုန်းထပ် ဆက်ပြီး မေးကြည့်တယ်။ ကလေးအမေက သတိကောင်းကောင်းမရသေးဘူး ယောင်ယောင်ပြီး ထပြေးနေလို့ ခြေလက်တွေကို ကုတင်တိုင်နဲ့ တုတ်ထားရတယ်ဆိုတဲ့အကြောင်း၊ ညနေပိုင်းမှာ မဆန်းလို့ခေါ်လို့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သတိမရသေးတာကြောင့် ဖူးကတ်ဆေးရုံကြီးကို ထပ်မံလွှဲပြောင်းပေး ရတယ် လို့ထပ်မံသိရပါတယ်။ ဖူးကတ်ဆေးရုံမှာ ရှိတဲ့ လူနာစောင့်ကိုဖုန်းဆက်ပြီး မေးကြည့်တော့ (၂) နှစ်သားအရွယ် ကလေးနဲ့ ညနေပိုင်းကမှ လွဲပေးလိုက်တဲ့ မဆန်းက ကောင်းမွန်စွာ သတိရနေပြီလို့ ဖခင်ဖြစ်သူက ပြန်ဖြေပါတယ်။ အသက် (၁၆)နှစ် အရွယ် အောင်မင်းထိုက် ကိုတော့ ဆရာဝန်များက လက်လျော့ထားလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ ကားတိမ်းစောင်းမှုမှာ ပါတဲ့ သူ့မိခင်ကတော့ ဆေးရုံပေါ်မှာ သူ့သားအကြောင်း ကိုသိရတော့ တော်တော်လေးကိုစိတ်ထိခိုက်ပြီး စကားမပြောနိုင်ဖြစ်နေပါတယ်။ လူနာ တွေပြန်လည် ကျန်းမာဖို့ ကျွန်တော်တို့ဝိုင်းဝန်းဆုတောင်း ပေးကြရအောင်လားဗျာ။
သတင်း
Posted by အောင်ကြည်မင်း at 12:55 AM 2 comments
Labels: ထိုင်းနိုင်ငံရောက် ရွှေပြောင်း မြန်မာအလုပ်သမားများ ဘဝ
Artigos Relacionados:Sunday, May 17, 2009
ဒေါ်အောင်ဆန်းစုကြည်အား ခုံရုံးတင်စစ်ဆေးခြင်းနှင့် စပ်လျှင်း၍ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ စုပေါင်း ကြေငြာချက် (၃/၂၀၀၉)
Saturday, May 9, 2009
ဘတ် ၂၀ နဲ့ လဲရတဲ့ ဘဝ
Wednesday, May 6, 2009
ဖူးကက်အပြန် ပြောစရာ ကျန်ခဲ့တယ်
ပန်းရံ ဆိုက်တစ်ခုကို ထပ်ရောက်ဖြစ်သေးတယ်။ ရွှေ့ ပြောင်းမြန်မာ အလုပ် သမား ၅၀၀ ကျော်ရှိတဲ့ ပန်းရံဆိုက်တစ်ခုပေါ့။ ထားဝယ်၊ မွန် နဲ့ ရခိုင်လူမျိုး တွေအများဆုံး အလုပ်လုပ်ကိုင်လျှက်ရှိနေကြပါတယ်။ ပုံမှာမြင်တဲ့ အတိုင်းပဲ လုပ်ငန်းခွင်မှာ တစ်ယောက်မှ မရှိဘူး ခြောက်ကပ်ပြီး ချောင်ကပ်နေကြတယ်။ သူဌေးက သုံးလကျော်ပိုက်ဆံမရှင်းလို့ အလုပ်မဆင်းပဲ တိုက်ပွဲဝင်နေကြ တယ်တဲ့။ အောင်မြင်ပါစေဗျာ။
Posted by အောင်ကြည်မင်း at 11:45 PM 0 comments
Labels: ထိုင်းနိုင်ငံရောက် ရွှေပြောင်း မြန်မာအလုပ်သမားများ ဘဝ
Artigos Relacionados:Wednesday, April 15, 2009
ဘုန်းဘုန်းကို မဲပေးကြပါစို့
ဘလောက်ဂ် ရဲ့အောက်မှာ အ၀ိုင်းလေးကို အမှတ်လေးပေးခဲ့ပါမယ်။ ပြီးရင်အောက်ဘက်ကိုဆက်သွားပြီး အနီရောင် လေးထောင့်အ၀ိုင်းကို ကလစ်လိုက်ရင် အဆင့်နှစ်ကို ရောက်ပါပြီ။
အဆင့် ၂။ အပေါ်ပိုင်းစာမျက်ကိုပြန်တက်သွားရင် ညာဘက်ကော်လံထောင့်မှာ အရှင်မေတ္တာစာရ နာမည်နဲ့ အနီရောင်လေးထောင့် အ၀ိုင်းလေးထပ်တွေ့ပါမယ်။
အဲဒီမှာ ဗို့ အတွက်ကလစ်ပေးပြီး အောက်မှာ မေးထားတဲ့ အချက်အလက်တွေကို ဖြည့်ပြီး နှိပ်လိုက်ရင် အဆင့်နှစ်ပြီးလို့ အဆင့်သုံးကိုရောက်ပါမယ်။
အဆင့် ၃။ အဲဒီမှာ မိမိရဲ့ သူငယ်ချင်းနှစ်ရောက်ရဲ့ မေးလ်လိပ်စာကိုတောင်းပါမယ်။
ဖြည့်ပြီးလို့ ကလစ်လိုက်တာနဲ့ မဲပေးတဲ့ အဆင့်အောင်မြင်စွာပြီးဆုံးပါပြီခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကျွန် တော် တို့ ဘုန်းဘုန်းအတွက် မဲဝိုင်းပေး ကြပါစို့။
Wednesday, April 1, 2009
ပြေးပြေးလွှားလွှား မြန်မာ့အလုပ်သမား
Posted by အောင်ကြည်မင်း at 11:22 PM 4 comments
Labels: ထိုင်းနိုင်ငံရောက် ရွှေပြောင်း မြန်မာအလုပ်သမားများ ဘဝ
Artigos Relacionados:သားသား ဘာကြောင့် ကျောင်းပျက်လည်း
ဒီဓာတ်ပုံထဲ သားသား တစ်ယောက်လည်း ပါတာပေါ့
Posted by အောင်ကြည်မင်း at 1:26 AM 0 comments
Labels: ထိုင်းနိုင်ငံရောက် ကလေးများ ဘဝ
Artigos Relacionados:Monday, March 30, 2009
ငါသေရင်
မီးဖွားပေးသည်ဆို၍ ကိုကြည့်ကို ဆရာဝန်လား ထင်ကြမည်။ ဆေးပညာ မဆိုထားနှင့် သူနာပြုသင်တန်းပင် ကိုကြည် ဟုတ်ဟုတ်ငြားငြား တက်ခဲ့ဖူးတာ မဟုတ်။ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ရင်း ရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးသော အဖွဲ့တစ်ခုမှာ ဝင်လုပ်သည်။ အခြေအနေ၏ လိုအပ်ချက်အရ သူနာပြုသင်တန်း ရက်တိုလေးတွေ ပြေးတက်ရင်း သူနာပြုဆရာ ဖြစ်လာရသည်။ နောက်တော့ လုပ်ရင်းကပဲ အသားကျလာသည်။
ရွှေ့ပြောင်း အလုပ်သမားတွေဘဝမှာ အဖက်ဖက်က အဖိနှိပ်ခံဘဝဖြစ်သည်။ အလုပ်ရှင်ကနှိပ်စက်၊ ထိုင်းရဲက နှိပ်စက်၊ ဒါတင် မကေသေး၊ အရပ်သားထိုင်း တွေကလည်း အနိုင်ကျင့်ကြသေးသည်။ နိုင်ငံကူးလက်မှတ်မပြောနှင့်၊ ရှိသင့်ရှိထိုက်သည့် ဘတ် ခေါ် အလုပ်သမားကဒ်ပင် မရှိတော့ သူတို့ဘဝမှာ ပြုသမျှ ခေါင်းငုံ့ခံရသည့်ဘဝ။ ကလေးမွေးလည်း ဆေးရုံသွားလို့မရ။ ဆေးရုံစရိတ်လည်း တတ်နိုင်သည်မဟုတ်။ အလုပ်ခွင် ခြေပြတ် လက်ပြတ်၊ ထိခိုက်ဒဏ်ရာရရင်လည်း ကိုကြည်တို့သာ အားကိုးရာ။
ဒီ့ထက်ဆိုးတာကတော့ နာရေးဖြစ်သည်။ ကိုကြည်တို့က လူနာဆောင် သဘော တန်းလျားလေးရှိသည်။ လုံးဝကို ပြုစုစောင့်ရှောက်မှုလိုသော လူနာများကို ထားရသည်။ HIV ပိုး ကူးစက်နေသူလည်း ပါသည်။ အများအားဖြင့် နာတာရှည် ရောဂါနှင့် သေရက် စောင့်နေကြသော မျှော်လင့်ချက်မဲ့ လူသားများဖြစ်ပါသည်။
တစ်ယောက်ယောက် သေပြီဆိုရင် ကိုကြည်တို့က အပြင် သယ်ထုတ် သွားသည်။ ပြောရလျှင် ဒီအသုဘတွေကို ပို့မည့်ဆွေမျိုးဥာတိ လည်း မရှိကြပါ။ သင်္ဂြိုလ်ပေးဖို့ရာလည်း ကိုကြည်တို့ တာဝန်။ ညနေစောင်း ဒါမဟုတ် ညဘက်လောက်မှာ လူနာဆောင်ကနေ အလောင်းကို သယ်ထုတ်သွားပြီး ကိုယ့်ဖာသာ သင့်သလို သင်္ဂြိုလ်ရသည်။ ကိုကြည်နှင့် ကိုပေါတို့က ဒိုင်ခံ လုပ်ရသူများ။ အခေါင်းဝယ်ဖို့ ပိုက်ဆံငွေကြေး မရှိပါ။ ရှိသမျှလူနာအတွက် ဆေးဖို့ဆိုတာတောင် အလျဉ်မီသည် မဟုတ်သေး။ မဖြစ်မနေ ရက်လည်ဆွမ်းသွပ်၊ အမျှဝေတာ ကတော့ ကိုကြည်တို့ လုပ်ပေးပါသည်။ သို့သော် အသုဘ အခေါင်းဖို့တော့ မတတ်နိုင်။
ညမှောင်မှ လူတစ်စုနဲ့ အလောင်းကို သယ်ထုတ်ပြီး ဖျာနဲ့ပတ် မီးသင်္ဂြိုလ် ရသည်။ လူနာဆောင်က လူနာတွေကို ဒါကို မသိစေပါ။ သူတို့ကတော့ အလောင်းကို သယ်ထုတ်သွားတာသာ မြင်သည်။ ဖျာနဲ့ပတ်ပြီး မီးသင်္ဂြိုလ် လိုက်ရတာဆိုတာ သေဖို့စောင့်နေသူတွေကို မသိစေတာ တရားသည်ဟု ကိုကြည်တို့ ထင်ပါသည်။ အခေါင်းဖိုးဆိုတာလည်း မြန်မာ့မျက်စိနဲ့ကြည့်ရင် မနည်းလှ။ ဘတ်လေးထောင်ကနေ ခြောက်ထောင်ဆိုရင် မြန်မာငွေနဲ့ ပြောင်းတွက်ကြည့်၊ တစ်သိန်းခွဲ နှစ်သိန်းကျော်။ ဒီမှာ ရိုးရိုးအလုပ်သမား တစ်ယောက်၏ လုပ်ခတစ်လစာ အသာလေးရှိသည်။ မရွံမရှာနှင့် အနွံတာခံနိုင်သော ကိုကြည်နှင့် တကိုယ်တည်းသမား ကိုပေါတို့က အဓိက လုပ်ပေးကြရသူများ။ သူတို့ အဖွဲ့သားများသာ ဒီအခက်အခဲနှင့် ဝမ်းနည်းဖွယ် မလှပသော နောက်ဆုံးခရီးကို အတွင်းကျိတ် သိထားသူများသာ။
ကိုကြည်ကတော့ စိတ်ထားတတ်ဖို့ ကြိုးစားသည်။ ပူပူနွေးနွေး ဇနီးသည်ကြောင့်လည်း နေသာထိုင်သာရှိပါသည်။ တစ်ကိုယ်တည်းသမား ကိုပေါကတော့ အနိုင်နိုင်ထူထားရသော စာကြည့်တိုက် အစုတ်ကလေးမှ တရားစာအုပ်တွေသာ တွင်တွင်ဖတ်နေတာ တွေ့ရသည်။ ဒီနေ့လည်း ဖျာစုတ်နှင့်ပြီးရသည့် အသုဘမှပြန်ခဲ့တော့ ညကိုးနာရီ ရှိနေပါပြီ။ ကိုကြည် ထမင်းတောင် သိပ်မစားနိုင်။ အိပ်ချင်လှသည်။ ခေါင်းချတာနှင့်ကို အိပ်ပျော်သည်။ သန်းခေါင်ရောက်မှ မော်ဒယ်လ်ညံ့ညံ့ မိုဘိုင်းဖုန်းမှ စူးစူးဝါးဝါးမြည်သံကြောင့် ကိုကြည်လန့်နိုး လာသည်။
အင်း…ဘာများဖြစ်ပြန်ပြီလဲဟု ကိုကြည်စိတ်မသက်မသာ တွေးမိသည်။ ဖြစ်ပြီဟေ့ဆို ညရေးညတာ မရှောင် သွားရတာပဲ မဟုတ်လား။ ဖုန်းဆက်သူက ကိုပေါဖြစ်သည်။
“ပြော ကိုပေါ၊ ဘာဖြစ်ပြန်သလဲဗျ၊ ဘာကေ့စ်လဲ”
“မဟုတ်ပါဘူးကွာ၊ ငါတစ်ခုမေးချင်လို့ပါ”
ကိုပေါက တုံ့ဆိုင်းဆိုင်းပြောသည်။ ဘာမှ မဖြစ်မှန်းသိတော့ ရင်ထဲက အလုံးကြီးကျသွားသော်လည်း ဘာမှ မဟုတ်ပါဘူးဆိုပြီး ညကြီး သန်းခေါင် ဖုန်းခေါ်သော ကိုပေါကို ကျွဲမြီးတိုမိသည်။
“ကဲ…မေးဗျာ၊ မေး…မေး”
“လူဆိုတာ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ၊ သေတတ်တယ် မဟုတ်လားကွ”
ခုမှ ကိုကြည် အထွဋ်အထိပ် စိတ်တိုတော့သည်။
“ဟုတ်တာပေါ့ဗျာ။ နက်ဖြန်တောင် ခင်ဗျား မာလကီးယားရင် ယားသွားမှာဗျ”
စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်သည်။
“ကဲ… ဒါပဲလားဗျ”
“နေပါဦး။ ငါပြောစရာ ရှိသေးလို့ပါ၊ ငါအခု အရှင်ဆန္ဒာဓိကရဲ့ တရားစာအုပ် ဖတ်နေတာ”
ကိုကြည် အိပ်ချင်မူးတူးနှင့် စိတ်လည်း ဆိုးလှပြီ။
“အေး…အဲဒါ ဘာဖြစ်လဲဗျ”
“ဒါနဲ့ အသုဘ အခေါင်းတစ်လုံး ဘယ်လောက်ရှိမလဲကွ၊ အနည်းဆုံးပေါ့ကွာ။”
ကိုပေါ စိတ်မှ မှန်သေးရဲ့လားဟု ကိုကြည် တွေးမိလိုက်သေးသည်။ အလောင်းတွေမြင်တာများပြီးများ ကြောင်သွားလေသလား။
“အနည်းဆုံးတော့ ဘတ်သုံးထောင်တော့ ရှိမှာပေါ့ဗျ”
“အေး…ငါပိုက်ဆံစုထားတာ နှစ်ထောင်တော့ ရပြီကွ။”
ကိုကြည်က အော်ထည့်လိုက်သည်။
“အဲဒါ ဘာဆိုင်လဲဗျ”
“အဲဒါကွာ…ငါမင်းကို တစ်ခုမှာချင်တာ။ ငါဗြုန်းကနဲ သေရင် တို့တွေ လုပ်နေကျလို ဖျာလိပ်နဲ့ပတ်ပြီးတော့တော့ ငါ့ကိုမသင်္ဂြိုလ်ပါနဲ့ကွာ။ ငါစုထားတာမှာ လိုသလောက်စိုက်ပြီး အခေါင်းလေးနဲ့တော့ လုပ်ပါ”
ကိုကြည်ရင်ထဲမှ ဒေါသများဖြတ်ကနဲပျောက်ပြီး ဝမ်းနည်းမှုများသာ လှိုက်ကနဲ တက်လာလေတော့သည်။
သင်ကာ
ကိုသင်ကာ ဘလောက်မှ ကူးယူပါသည်။
Posted by အောင်ကြည်မင်း at 12:02 PM 1 comments
Labels: ထိုင်းနိုင်ငံရောက် ရွှေပြောင်း မြန်မာအလုပ်သမားများ ဘဝ
Artigos Relacionados:Monday, February 23, 2009
သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ
သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ
နေ့ခင်းပိုင်း တစ်ရက်မှာ ဆေးခန်းလာပြတဲ့ အစ်မတစ်ယောက်ပြောပြတဲ့ ၀မ်းနည်း ကြေကွဲဖွယ် ဇတ်လမ်းလေး တစ်ပုဒ်ရှိခဲ့ပါတယ်။ သူမအလုပ်လုပ်နေတဲ့ ပန်းရံဆိုက်တစ်ခုကို ရဲဝင်ဖမ်းလို့ သူမအပါအ၀င် တစ်ချို့ အဖမ်းခံရပြီး ဖန်င အချုပ်ထောင်ကိုပို့ခြင်း ခံခဲ့ရပါတယ်။ ကျောက်တောင်နောက်ခံ ရှိတဲ့ အချုပ်ထောင်ရဲ့ အေးစက်စက်ကြမ်း ပြင်မှာ အိပ်စက်ခဲ့ရပါတယ်။ တစ်ပတ်ခန့် အကြာနေထိုင်ပြီး ဆံပင်ရှည်ရှည် မဖြူမညို အသားအရည်နဲ့ မိန်းမချော ငယ်လေး ရောက်လာခဲ့ပါတယ်။ အားလုံးက နှမငယ်လေးလို ၀ိုင်းဝန်းစောင့်ရှောက်ပြီး သူတို့ လွတ်မြောက်နိုင် ဖို့အရေးအတွက် ပွဲစားအကူအညီနဲ့ ကြိုးစားနေခဲ့ကြပါတယ်။ မိန်းမချောငယ်လေး အချုပ်ကိုရောက်ပြီး နှစ်ရက်ခန့် အကြာမှာ အသက်ကြီးကြီးရဲတစ်ယောက်က သူ့အမေလာရွေးထုတ်တယ် ပြောလို့။ ၀မ်းသာစွာနဲ့ ကောင်မလေးနင် ကံကောင်းတယ်ဆိုပြီး ထဲ့လိုက်တယ်။ နောက်တစ်ရက်ညနေမှာ ပဲကောင်မလေး ပြန်လာ တယ် နင့်ကို နင့်အမေလာရွေးတယ်ဆို ဘာဖြစ်လို့ပြန်ရောက်လာတာလည်းမေးတော့ ကောင်မလေးရှိုက်ကြီး တငင်ငင်ငိုပြီးတော့ ပြောပါတယ်တဲ့။ အမေလာရွေးတာ မဟုတ်ပါဘူး သူ့ကို တည်းခိုခန်း ခေါ်သွားပြီး အကြိမ်ကြိမ် အိပ်တယ်လို့ ပြောပါတယ်။ သူကောင်မငယ်လေးကိုဖတ်ပြီး ငိုလိုက်ရတာတဲ့။
သူကျွန်တော့်ကို ပြောပြနေရင်း ငိုနေသေးလို့ ဖျောင်းဖြပြီး အိပ်ပျော်ဖို့ ဆေးနဲ့ အားဆေးပေးလိုက်ပါတယ်။ သူပြန်သွားပြီးနောက် ကျွန်တော်လည်း ငိုခဲ့မိပါတယ်။ သြော်....... ဒို့ သွေးချင်းတွေ အခုလိုအဖြစ်မျိုးနဲ့ ဘယ်လောက်တောင်ကြွေလွင့်ခဲ့ရပြီးပြီလည်း နောက်ထပ်ကော ဘယ်လောက်တောင် ထပ်ကြွေကြရအုံးမှာ လည်းဆိုတာ...........။
Posted by အောင်ကြည်မင်း at 1:29 AM 6 comments
Labels: ထိုင်းနိုင်ငံရောက် ရွှေပြောင်း မြန်မာအလုပ်သမားများ ဘဝ
Artigos Relacionados:Thursday, February 19, 2009
ရာဇ၀င်ထဲက ကြွေပွင့်များ
ငါ ရောက် နေခဲ့
လေးနှစ်နဲ့ သုံးလ စွန်းခဲ့ပေါ့....။
အဲဒီကာလရဲ့ အတွေ့အကြုံ
အဖြစ်အပျက်စုံ ဇတ်လမ်း
မှတ်တမ်းမရှိပေမယ့်
ငါ့ဖြတ်သန်းမှုအရ သိခဲ့ရတယ်။
တွယ်ရာ မမဲ့ပေမယ့်
ကယ်ရာ မဲ့ခဲ့သူတွေ
ရွက်ကြွေတွေ အောက်မှာ
ငါတို့ရဲ့ ဆွေမျိုးပေါက်ဖေါ်တွေ
ဟိုတစ်ယောက် ဒီတစ်ယောက်
ဟိုတစ်ပွင့် ဒီတစ်ပွင့်
ကြွေလွင့်ခဲ့တာတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ပျောက်ဆုံးခဲ့ရတဲ့
နှလုံးသွေးပိုင်ရှင်
ငါတို့သွေးချင်း အပျိုစင်တွေရဲ့
ဝိညာဉ် လှလှလေးတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ရောက်ခဲ့ရတဲ့ မိခင်လောင်းတွေ
လင်သေ လက်ကိုဆွဲ
အံကို ကြိတ်ခဲလျှက်
ရမက် ကြွေးတွေ အတွက်
အသက်စတေးခဲ့ရတာတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
တစ်ယောက်နှင့် တစ်စု
စားကျက်လုရင်း
ကြွင်းကျန်ရစ်တဲ့
သွေးဖြစ် ရုပ်ကြွင်းတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ရှမ်းပြည်ရောက် မြန်မာတွေရဲ့
အရှက်နဲ့ သိကာတွေ
အသက် သွေး ချွေးတွေ
ဒု နဲ့ ဒေးမျှ ရှိခဲ့တယ်။
သြော်.......
ရွက်ကြွေတောမှာ
ငါရောက်နေတာ လေးနှစ်ကျော် ဆိုပေမယ့်
ဆယ်စုနှစ် သုံးနှစ်ကျော် ဖြစ်ပျက်ခဲ့တဲ့
ငါ မသိသေးတဲ့.......
ငါ မသိနိုင်ခဲ့တဲ့.......
သမိုင်းမထင်တဲ့ ရာဇ၀င် ကြွေပွင့်တွေအကြောင်း
ထောင်သောင်းမက ရှိနေဦးမယ်ဆိုတာ
ရွက်ကြွေတောတွေက သိမှာပါ။
ဟော.............. ကြည့်
အခုလည်းလေ
ရာဘာရွက်တွေ ကြွေနေပြန်ပြီ......။
ရှမ်းပြည် = ထိုင်းနိုင်ငံ
Posted by အောင်ကြည်မင်း at 12:31 AM 1 comments
Labels: ထိုင်းနိုင်ငံရောက် ရွှေပြောင်း မြန်မာအလုပ်သမားများ ဘဝ
Artigos Relacionados: