Saturday, January 31, 2009

Diphenhydramine (ဒိုင်ဖန်ဟိုက်ဒြာမင်း)


ဟစ်စ်တမင်းတုံ့ပြန်ဆေးတစ်မျိုးဖြစ်သည်။ အအေးမိနှာစေးချောင်းဆိုးခြင်းကို သက်သာစေနိုင်သည်။

အသုံး

အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ လေပြွန်ရောင်ခြင်းတို့ကြောင့်လည်ချောင်းယား၊ နှာရည်ယို၊ နှာချေ၊ ချောင်းဆိုး ခြင်းကို သက်သာစေရန်အသုံးပြုသည်။

ဆေးညွှန်းနှင့် အသုံးပြုပုံ

သလိပ်ဟတ်ထုတ်ရ လွယ်ကူစေသော အမိုနီယမ်ကလိုရိုက်နှင့် အမိုနီယမ်စစ်ထရိတ် သလိပ်ပျော်စေသော ဘရွမ်ဟက်ဆင်း၊ လည်ချောင်းယားခြင်းကို သက်သာစေသော မင်သော်စသော ဆေးများနှင့် ပေါင်းစပ်ပြီး အအေးမိနှာစေး ချောင်းဆိုးပျောက်ဆေးရည်များအဖြစ် ထုတ်လုပ်လေ့ရှိသည်။ များသောအားဖြင့် ၅ စီစီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတစ်နေ့သုံးကြိမ်၊ လေးကြိမ်ခန့်သောက်နိုင်ပါသည်။

သတိပြုရန်

အိပ်ငိုက်စေသဖြင့် ယာဉ်မောင်းနေသူများ၊ စက်ယနရားဖြင့် အလုပ်လုပ်သူများ သတိထားရမည်။ အရက်မ သောက်သင့်ပါ။

ဆေးအပြစ်များ
အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ မျက်စိပြာခြင်း၊ ခေါင်းနောက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ခြေလက်တုန် ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ရှောင်ရန်
ဆေးနှင့်မတည့်သူများ

ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့ 
Broncho Hexal, Diphendryl, Diphenhydramine, Zeet

Read more...

Friday, January 30, 2009

ဇန်န၀ါရီ ၃၀


ခရီးရှည်ထွက်ရမှာ မို့စောစောထမယ်စိတ်ကူးပေမယ့် မထနိုင်ခဲ့ဘူး။ ၈နာရီ ခွဲကျော်မှပဲထဖြစ်တယ်။ ၉ နာရီ ကနေ ၁၀ နာရီထိ လူထုကျန်းမာရေးသင်တန်း တစ်လပေးဖို့အတွက် ဆရာဝန်ကြီးတွေနဲ့ ထည့်သွင်းသင့်တဲ့ သင်ခန်းစာ တွေပြင်တယ်။ အဲဒီထဲမှာ ထူးထူးဆန်းဆန်း ဘယ်သင်တန်းမှာမှ မသင်တဲ့ သင်ခန်းစာတစ်ခုကို ထည့်သွင်း ခဲ့ပါတယ်။ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအကြား ရေပန်းစား အသုံးများနေတဲ့ အာဆီယံ လို့ခေါ်တဲ့ မူးယစ်ဆေး တစ်မျိုးပါပဲ။ ဆရာဝန်ကြီးများနဲ့ လမ်းခွဲပြီး ကော့ကလွိုင်စာသင်ကျောင်းဘက်ကို ထွက်ခဲ့ပါ တယ်။
စာသင်ကျောင်းမှာ နေမကောင်းတဲ့ ကလေးများကို ကျန်းမာရေးစစ်ဆေးပေးပါတယ်။ အမျိုးသမီးကျန်းမာရေး သင်တန်းအတွက် အလုပ်ကပြန်လာမယ့် အမျိုးသမီးတွေကို စောင့်ရင်း ကလေးများကို ဗဟုသုတအနေနဲ့ ပုံပြင်လေးတွေ ပြောဖြစ်ပါတယ်။ နေ့လည် ၃ နာရီကျော်မှာ မြန်မာအလုပ်သမား အမျိုးသမီးများအတွက် ကျန်းမာရေးပညာပေးသင်တန်းလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီး ၁၃ ဦးတက်ရောက်ခဲ့ပါတယ်။ နှစ်နဲ့ချီပြီး အမြဲတမ်းသွားနေတယ်ဆိုပေမယ့် အဲဒီနေရာလေးမှာ ကျန်းမာရေးပညာပေးတာ ကျွန်တော့်အနေနဲ့ ပထမဦးဆုံးအကြိမ်ပါပဲ။ ဒီနေ့ဟာ ကော့ကလွိုင် ခေတ်တခုထဲမှာပဲ တစ်နေကုန်သွားခဲ့ပါတယ်။ ည ၇နာရီကျော်မှ ရုံးကိုပြန်ရောက်ပါတယ်။

Read more...

ဇန်န၀ါရီ ၂၉


ဓါးခုတ်ခံထိတဲ့ ညီလေးကမနေ့ကတည်းက ဖုန်းဆက်တိုက်ခေါ်နေတာ ကျွန်တော်လည်း မအားတာနဲ့ မသွားဖြစ်ဘူး။ ဒီနေ့တော့ ဖန်ငဆေးရုံကို ထပ်ရောက်ဖြစ်ပါတယ်။ ကျွန်တော်နေတဲ့ နေရာနဲ့က ဆေးရုံကို တစ်နာရီခွဲနီးပါးသွားရတာ။ အသွားအပြန်ဆိုရင် ၃ နာရီကျော်အချိန်ကုန်တယ်။ ဆေးရုံရောက်တော့သူတို့ဇနီး မောင်နှံနှစ်ယောက် ကျွန်တော့်ကိုထွက်စောင့် နေကြ တယ်။ ဖန်ငဆေးရုံကနေ ကပွန်ဆေးရုံကို လွှဲစာနဲ့ပြောင်း လည်း ကုသခိုင်းထားတယ်။ လက်မှာလည်း IV ပိုက်တန်းလန်းနဲ့ ဆေးရုံထပ် မပြောင်းရင် ရမလားလို့မေးလာ တယ်။ ဘာဖြစ်လို့လည်းမေးတော့ သူမြန်မာပြည်ကို ပြန်ပြီးကုသခြင်တယ်။ သူထိုင်းနိုင်ငံမှာ သူဆေးကုနေရင် သူ့အမျိုးသမီးက သူ့ကိုပြုစုရမှာဖြစ်တဲ့ အတွက် အလုပ်လုပ်ရမှာအခက်အခဲဖြစ်နေကြောင်းနဲ့ သူတို့မှာ ပိုက်ဆံမရှိ တော့တဲ့အကြောင်း၊ နောက်ပြီးတော့လည်း မြန်မာပြည်မှာ နို့ဆို့ကလေးလေးရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြ ပါတယ်။ သူမြန်မာပြည်ပြန်ပြီး ဆေးကုသမှုခံ ယူမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လာပါတယ်။ သူ့ရဲ့လက်ရှိအနာက ဆေးရုံမှာ ဆေးထပ် ကုဖို့ လိုသေးကြောင်း ကျွန်တော်ရှင်းပြပါတယ်။ တကယ်လို့ ကုသမှုမခံ ယူရင် ရောဂါပိုးဝင်ရောက်နိုင်ကြောင်းကိုလည်း သေသေချာချာရှင်းပြပါတယ်။
ကျွန်တော်သူတို့ မိသားစုအပေါ်မှာ တတ်နိုင်သလောက်အကူအညီပေးတယ် ဆိုပေမယ့် မိသားစုအရေးမှာတော့ ၀င်ရောက်ဆုံးဖြတ်ပေးဖို့ခက်ခဲလှပါတယ်။ သူတို့မှာ ဘတ်မရှိတဲ့အတွက် ရုံးကကားနဲ့ လိုက်ခြင်တယ်လို့ ပြောပါ တယ်။ ရုံးကကားကလည်း ဘတ်မရှိသူများတင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော် ခေါ်လာခဲ့ပါတယ်။ သူတို့ နေထိုင်ရာ အိမ်ရှေ့ ထိလိုက်ပို့ပေးခဲ့ပါတယ်။ သူတို့အတွက် ဆေးဖိုးကို ၆၉၀၀ ဘတ်ကျော်ကို ရှင်းပေးခဲ့ပါတယ်။ နေ့လည် ၂ ကျော်မှ ကျွန်တော်ထမင်းစားခဲ့ရပါတယ်။
ပါဝိစာသင်ကျောင်းမှာ ကျွန်တော့်ရဲ့ ကျန်းမာရေးအဖွဲ့ တီဘီရောဂါအကြောင်းကျန်းမာရေး ပညာပေးစစ်ဆေး နေတာကို ၀င်ကြည့်ခဲ့ပါတယ်။ ၃နာရီခွဲမှာ ရုံးကိုပြန်ရောက်ပြီး ခဏနားပါတယ်။ နောက်ပြီး စာသင်ကျောင်းမှ ကလေးတွေရဲ့ ကျန်းမာရေး စစ်ဆေးချက်တွေကို ၂၀၀၇ နဲ့ ၂၀၀၈ ပြန်ပေါင်းဖို့အတွက် လိုအပ်တဲ့ ဂရပ်တွေပြင် ပါတယ်။
ညနေ ၄ နာရီခွဲဝင်းကျင်မှာ တန်းလျားက လူနာတွေကို ထုပ်ပေးထားတဲ့ (ဘန်ချီ) အကြွေးစာအုပ်တွေကို သွားသိမ်းပါတယ်။ လူနာတွေရဲ့ စာရင်းကို တော့ဒီနေ့ ဘယ်အခန်းမှာ ဘယ်သူနေနေတယ်ဆိုတာကို တိတိကျကျ ကောက်ယူခဲ့ပါတယ်။ ARV ဆေးသောက်နေတဲ့ အေအိုင်ဒီအက်စ် လူနာယောက်ကျားလေး ၁၁ ဦးရယ်၊ အမျိုးသမီး ၃ ဦးရှိပါတယ်။ တီဘီဆေးသောက်နေသူ ၂ ဦး၊ လေဖြတ်သူ ၁ ဦး ၊ အသည်းပြည်တည်နာ ၁ ဦး ၊ ဆိုင်ကယ်တိုက်ပြီး အောက်ပိုင်းမသန်သူ ၁ ဦး ပေါင်း ၁၉ ဦးရှိပါတယ်။ ၁ နာရီကျော်ကျော်လောက်စကားပြောပြီး၊ ရုံးကိုပြန်လာခဲ့ပါတယ်။ (ဘန်ချီ) အကြွေးစာအုပ်ကို တွက်ကြည့်တော့ ၁၂၂၈၇ ဘတ်ဖိုးသုံးထားပါတယ်။ အမှန်တကယ်ဆိုရင် ကျွန်တော့မှာ အဲဒီလောက်သုံးပိုင်ခွင့်ပေးလို့မရပါဘူး။ ဒါပေမယ့်လည်း သုံးပြီးသား တွေဆိုတော့လည်း ရုံးမှာ စကားပြောရတော့မှာပေါ့။ သူတို့ခဗျာမှာလည်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ရိကာဖြတ်ထားတော့ ကျွန်တော်ပေးသုံးတဲ့ ဘတ်သုံးဆယ်ဟာ မလောက်မှန်းသိပါတယ်။ အဲဒီအတွက်လည်း ပြောအားမရှိပါဘူး။
ညပိုင်း ၇ နာရီလောက်ကနေစပြီး အမေရိကားက လုပ်အားပေးဆရာဝန်ကြီးနှစ်ယောက်နဲ့ တစ်လသင်တန်း အတွက် ကြိုတင်ပြင်မှုတွေအတွက် တိုင်ပင်တာ ည ၉ နာရီခွဲကျော်မှပဲ အိမ်ပြန်ရောက်ပါတယ်။

Read more...

ဇန်န၀ါရီ ၂၈

မနက်ပိုင်းမှာ ရုံးကိုမ၀င်သေးပဲ လူနာများရှိရာ တန်းလျား ကိုဝင်ခဲ့တယ်။ လူနာတွေ စုဝေးစကားပြောလေ့ရှိတဲ့ ကွပ်ပျစ် ပေါ်မှာပဲ စုဝေးထိုင်ပြီးစကားပြောဖြစ်တယ်။ မရောက်ဖြစ်တာ တစ်ပတ်ခန့် ကြာသွားတော့ သူတို့မေးခွန်း တွေက အများသား၊ သူတို့ ဘယ်လိုဆက်လက်နေထိုင်ရမလည်း ဆိုတာက အဓိကပါ။ နောက်တော့ ARV နဲ့ TB ဆေး အကြောင်းထပ်မေးတယ်။ တတ်နိုင်သလောက်ပြန်ဖြေပြီး ကိုယ်မေးချင်တာကို ပြန်မေးဖြစ်ပါတယ်။
လူနာထဲက ကိုစိုးနိုင် အလုပ်မဆင်းတာကြောင့် နေမကောင်းလို့ အလုပ်မဆင်းနိုင် တာလား လို့မေးကြည့်တော့ မျက်ရည်ဝဲပြီးပြောရှာတယ်။ သူပြီးခဲ့တဲ့ နှစ်လကလုပ်ခဲ့တဲ့ လုပ်အားခကို သူဌေးမရှင်းလို့ စိတ်ညစ်ပြီး အလုပ်မဆင်းတော့ဘူးတဲ့။ စိတ်မကောင်းဖြစ်မိတယ် သူ့ခမျာ ARV ဆေးသောက်ပြီး အလုပ်ကိုကြိုးစား လုပ်ခဲ့တာ အခုတော့ နှစ်လစာ လုပ်အားခမရဘူးတဲ့။ ၁၀ ကျော်ကျော်မှာ ရုံးကို ပြန်လာခဲ့တယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ က အစ်မတစ်ယောက်နဲ့ ၁၀နာရီ ခွဲလောက်မှာ တန်းလျားက လူနာတွေကိစ စကားပြောဖြစ်တယ်။ သူပြောတာက တန်းလျားမှာ နယ်စည်းမခြားဆရာဝန်များ အဖွဲ့က လူနာ ၁၉ ဦး တန်းလျား မှာနေနေတယ်တဲ့ ၁၆ ဦးက ARV ဆေးသောက်နေတယ်တဲ့ဘုရားဘုရား။ အခါတိုင်းလူနာတန်းလျားကိုသွား လည်တယ် အားလုံးနဲ့ ရင်းနှီးနေတယ် ဆိုပေမယ့် အဲဒီလောက် တိတိကျကျ မမှတ်ထားမိဘူး။ ထင်လည်း မထင်မိ ဘူး လူနာဦးရေတိုးလာနေပါလား။ လူနာများအတွက် စားဝတ်နေရေးနဲ့ ဆေးအတွက် မိနစ် ၂၀ ခန့်ဆွေးနွေး ခဲ့တယ်။ သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခဲ့တယ်။


နေ့လည် ပိုင်းမှာ ဘန်နယားစာသင်ကျောင်းမှာ ကလေးတွေကို ကျန်းမာရေးပညာပေးဖို့ သွားတယ်။ ဒါပေမယ့် အခန်းဆုံးစာမေးပွဲစစ်ဆေးတာနဲ့ သွားတိုက်နေလို့။ ကျန်းမာရေး မကောင်းသူများကို ကြည့်ပေးပြီး မူကြိုကျောင်း ကိုဝင်ကြည့်ဖြစ်တယ်။ ကလေးတွေ ချစ်စရာကောင်းလိုက်တာ တန်းစီပြီးအိပ်သူက အိပ်လူသံကြားလို့ ပြူးကြည့် သူကပြူးကြည့်နဲ့။


Read more...

Wednesday, January 28, 2009

ဇန်န၀ါရီ ၂၇


(ကျောင်းသူ/သားများနဲ့ ပျော်ရွှင်စွာ)
၈ နာရီခွဲပြီးမှ အိပ်ယာထတာတောင် လူက မူးဝေေ၀၊ မနက် ၉ နာရီ အလုပ်ချိန်မှီဖို့ အရေးအပြေးအလွှား အလုပ်ရောက်တော့ ဘာမှမလုပ်နိုင်သေး ၁၅ မိနစ်လောက် ကြောင်တောင်တောင်ဖြစ်နေတယ်။ ပြီးမှ စာရွက်စာတန်းတွေ သိမ်းသင့်တာ ပြန်သိမ်းရတယ်။ သုံးနှစ်အတွင်းမှာ စုထားတဲ့ ကျန်းမာရေး စာအုပ်တွေကလည်း မနည်းမနော။ နောက်ကျောင်းသားတစ်ဦး ခြင်းစီရဲ့ ကျန်းမာရေးဆေးစစ်ချက် နဲ့ ကျန်းမာရေးသင်တန်း အမေးအဖြေ လွှာတွေကို မနှစ်ကဟာနဲ့ ဒီနှစ်ဟာ ပြန်ခွဲထုတ်တယ်။
နေ့လည်ပိုင်းမှာ တစ်လကျန်းမာရေး သင်တန်းအတွက် အချိန်ဇယားနဲ့ ဘာသာရပ်တွေကို လုပ်အားပေး ရောက်နေတဲ့ ဆရာဝန်ကြီးနှစ်ယောက်နဲ့ တိုင်ပင်ရေးဆွဲတယ်။ နေ့လည် ၂ နာရီ ၁၅ မိနစ်မှာ ပါကလန်ကျောင်း မှာကလေး သုံးဆယ်ကျော်ကို တီဘီ ရောဂါအကြောင်းသိသင့်တဲ့ အချက်တွေကို ပြန်ရှင်းပြပြီး စာမေးပွဲစစ်တယ်။ ၃ နာရီ ခွဲမှာ ရုံးကိုပြန်ရောက်ပြီး ဓာတ်ပုံတွေကို ပြန်စစ်တယ်။ ဓာတ်ပုံအဟောင်းထဲက ကျည်တစ်တောင့်ကို တွေ့ပြီး ကျည်တစ်တောင့်ရဲ့ နောက်ကွယ်မှာ ကိုရေးဖို့စိတ်ကူးမိတယ်။
ညပိုင်းမှာ ပို့စ်တစ်ပုဒ်ရေးပြီးတင်တယ်။ ကိုအောင်ဦး ဘလောက်မှာ တရားနာတယ်။ ဘလောက်တစ်ချို့ ကို လိုက် လည်တယ်။ နယ်စည်းမခြားဆရာဝန်များ အဖွဲ့က အစ်မ တစ်ယောက်ဆီကို ဖုန်းဆက်တယ်။ သူအခု ရနောင်း ကနေပြန်လာတာလမ်းမှာပဲရှိသေးတယ်တဲ့။ အနောက်ကြဆုံးအသုတ်လို့ ထင်ရတဲ့ ရိုဟင်ဂျာ လှေစီးဒုက သည်များ ရနောင်းဘက်မှာ ဖမ်းမိလို့ သွားကြည့်ရတယ်တဲ့။ လူနာ ၄ ဦးကိုလည်း ရနောင်းဆေးရုံကြီးမှာ တင်ပို့ ထားခဲ့ရ တယ်လို့သိရပါတယ်။ဝမ်းနည်းမိပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေခဏခဏကြုံတွေ့နေရပါတယ်။

Read more...

Tuesday, January 27, 2009

ကျည်တတောင့် ရဲ့ နောက်ကွယ်မှာ


အံ့ကြိတ်မျက်ရည် ကျပြီး အကောင်းဆုံးထွက်ပေါက်ရအောင်ရှာဖွေ ယုံမှတပါးအခြားနည်းလမ်း မရှိခဲ့ရပါဘူး။ ခံရသူ အဖို့ ရင်ကိုနင့်ခနဲ နင့်ခနဲ တစ်သက်မမေ့အောင် အိပ်မက်တွေထိ ခြောက်လှန့်ခြင်းကို ခံစားရ ပါတယ်။ ကြိုးစား မေ့ပျောက်ထားတာတွေဟာ တိုက်ဆိုင်မှုရှိလို့ မပြောမဖြစ်ပြန်ပြောရတဲ့အခါ အသစ်အတိုင်းပဲရင်မှာ ခံစားရ ပါတယ်။ သိမ်ငယ်မှုတွေနဲ့ ရောပြွန်းပြီး နေတတ်ပါတယ်။ ဒီသတင်း လေးကို အရင်ဖတ်ကြည့်ပါအုံး။ ကောင်မလေး မသေဘူးလို့ သိရတဲ့အချိန်မှာ ပစ်မှုကြူးလွန်သူတွေဟာ နှုတ်ပိတ်ဖို့ကြိုးစားပါတယ်။ စဖြစ်တဲ့ ညမှာပဲ ကျန်တဲ့အလုပ်သမားတွေပါ အလုပ်ဆက်မလုပ်ရဲတော့တဲ့ အတွက်အိမ်ကိုပြန်လာကြပါတယ်။ ကောင်မလေး ဆေးရုံက ပြန်ဆင်းလာတဲ့ညမှာပဲ နေအိမ်ကို သေနတ်နဲ့လှမ်းပစ် သံကြားရပါတယ်။ မိန်းကလေးများကို တစ်ခန်းထဲမှာ စုဝေးနေစေပြီး အမျိုးသားများကတော့ရှိရာ တုတ်၊ ဓါးတွေနဲ့ စောင့်ကြည့်နေ ခဲ့ကြပါတယ်။
ထိုင်းလူမျိုး အလုပ်ကြပ်ကို ညကအဖြစ်အပျက်ကို ပြောပြတဲ့ အခါ သီတင်းကျွတ်မို့လို့ ဗျောက်အိုးဖေါက်တာလို့ ညင်းဆိုပြီး ပြန်သွားခဲ့ပါတယ်။ အဲဒီညမှာပဲ နောက်ထပ်သေနတ်သံ ကြားတဲ့အတွက် တိတ်တဆိတ်သွားရောက် ပြီးကျည်ဆံခွန်ကိုကောက်ခဲ့ပါတယ်။ ကျည်ဆံခွန်ကိုပြပေမယ့်လည်း အလုပ်ကြပ်အနေနဲ့လည်း ဘာမှဆက် လက် မဆောင်ရွက်ပေးခဲ့တဲ့ အတွက် အလုပ်သမားတွေကို ပိုပြီးကြောက်လန့်စေခဲ့ပါတယ်။
အဲဒီကြောက်လန့်မှုတွေကြောင့် လူနာကောင်မလေးရဲ့ စိတ်ကျမ်းမာရေးကိုပိုပြီးထိခိုက်စေတဲ့အပြင် အသက် အန္တာရယ်ပါ စိုးရိမ်ရတဲ့ အနေအထားကိုရောက်စေခဲ့ပါတယ်။ ဆွေမျိုးသားချင်းများနဲ့ အတူနေသူများကလည်း သူ့ကိုလွတ်ရာနေရာကို ခေါ်သွားပေးဖို့ ကျွန်တော့ကို အကူအညီတောင်းပါတယ်။ ဖြစ်ပေါ်လာနိုင်မယ့် အန္တာရယ် များထဲက သုံးခုကို ခေါင်းထဲကို ၀င်လာပါတယ်။
၁၊ ကောင်မလေးမှာ အလုပ်သမားဘတ်မရှိတဲ့အတွက် လမ်းခရီးမှာရဲအဖမ်းခံရမယ့် အန္တရယ်
၂၊ ကျွန်တော်ခေါ်ထုပ်သွားတာကိုသိပြီး အနောက်ကနေ လိုက်နှောက်ယှက်မယ့် အန္တာရယ်
၃၊ ကူညီပေးမယ့် နယ်ခံအတွက် အသက်အန္တာရယ် အစစအရာရာစဉ်းစားပြီး ကျွန်တော်လည်း ချက်ခြင်းဆုံးဖြတ် ရခက်ပါတယ်။ တပတ်ခန့်အကြာမှာမှခေါ်ထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ ယာယီခိုလှူံသူများနေထိုင်ရာ တန်းလျား မှာနေထိုင်လျှက်ရှိပါတယ်။
ကျွန်တော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀ဟာ ပါးလျားလှပါတယ်။ ဥပဒေရဲ့ ကာကွယ်မှုအောက်မှာ မရှိနေခဲ့ပါဘူး။ ကိုယ်ကအဆော်ကားခံရတယ်ဆိုပေမယ့်လည်း မပြီးသေးပါဘူး။ နောက်ဆက်တွဲ အန္တာရယ်တွေ ကိုပါ ရှောင်ရှားရင်း နေရာသစ်တွေမှာ ပြောင်းရွေ့ ပြီး အလုပ်လုပ်ကိုင် ကြရပါတယ်။

Read more...

ဓားခုတ်ခံရသူနှင့် စကားပြောခြင်း

ကျွန်တော်ဒီနေ့ (၂၆ရက်နေ့) ဖန်ငဆေးရုံကြီးကိုသွားဖြစ်တယ်။ ၂၄ ရက်နေ့ည ၉နာရီကျော်မှာ မြန်မာ အလုပ်သမား အချင်းချင်းစကားများ ရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်တယ်။ ဖြစ်ဖြစ်ခြင်းပဲ ဆေးရုံကိုတင်ပို့နိုင် ခဲ့ပါတယ်။ အခုတ်ခံရသူက ဗယ်ဘက်လက် သူကြွယ်ပြတ်သွားတယ်၊ပါးပြင်ကို ဓါးခုတ်မိလို့လွှာလိုက် သလိုဖြစ်သွားတယ်၊ သွားသုံးချောင်းပြတ်ပြီး၊ တစ်ချောင်းနဲ့သွားတယ်၊ ပြတ်ရာကအောက်နှုတ်ခမ်းထိရောက်သွားတာကြောင့်နှုတ်ခမ်း ကိုပါ သုံးချက်ချုပ်လိုက်ရတယ်။
ဆေးရုံကိုကျွန်တော်ရောက်သွားတော့ drip သွင်းပေးထားတယ်။ လက်သူကြွယ်ကိုဆေးထည့်ပေးထားတယ်။ အောက်နှုတ်ခမ်းကို သုံးချက်ချုပ်ပေးထားပြီး၊ ပါးပြင်နှစ်ဖက်ကိုတော့ ဟိုဘက်ထိပ် ဒီဘက်ထိပ် ကပ်ချုပ်ထား တယ်၊ အပြီးမသတ်ရသေးဘူး ဘတ်၇၀၀၀ ကျော်ဖိုး ဆေးရုံကစိုက်ထုပ် ကုန်နေပြီ။ လူနာရှင်ဘက်က ပိုက်ဆံ မပေးနိုင်တဲ့အတွက်ကုသမှု အားလုံးကိုရပ်ထားတယ်။ ဆေးရုံကနေပြီးရဲကို ဖုန်းဆက်ပြီးဖမ်းခိုင်းထားတာ ကြောင့် လူနာရှင်က ကြောက်လန့်ပြီး ပိုက်ဆံလျှောက်ချေးရာကနေအဆင့်ဆင့် ကျွန်တော့ဖုန်းနံပါတ်ကိုရပြီး ဆက်သွယ် လာတယ်။ ဆေးရုံကလည်း မြန်မာတွေကို ဆေးကုပေးလို့ ပျောက်ခါနီးရင် ဆေးရုံကနေပြီး ဆင်းပြေးတတ်လို့ အခုလိုလုပ်ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်ဘက်မှလည်း လူနာထွက်မပြေးအောင် တာဝန်ယူကြောင်း ပျောက်ကင်းအောင်သာ ဆက်ကုပေးပါဆိုပြီး တောင်းပန်ဂတိပေးလျှက် အရေးပေါ်ကျန်းမာရေး အသုံးစားရိတ် ထဲက ၄၀၁၅ ဘတ်ထုတ်ပေးခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအချင်းချင်း သတ်လိုက်ရင် (သို့) တစ်ခုခုလုပ်လိုက်ရင် ဥပဒေလက်လှမ်းမမှီဘူးဆိုပြီး။ လက်လွန်ချေလွန်လုပ်တတ်ကြပါတယ်။ အခုကိစကလည်း ဘာမှမဟုတ်တဲ့ကိစ လေးကြောင့်ဖြစ်တာပါ။ တရုတ်နှစ်သစ်ကူးမှာ သူဌေးလုပ်သူက သူ့အလုပ်သမားတွေကို ၀က်ပေါ်ပြီးခွဲဝေပေးရာကနေ မကျေမနပ်ဖြစ်ပြီး စကားများ ရန်ဖြစ်ကြတာပါ။ ဓါးနဲ့အခုတ်ခံရတဲ့ ကိုဘိုလတ် (၂၅ နှစ်) နဲ့သူ့ဇနီးက ခွက်ချေး (ရာဘာချေး)ကောက် နေရတာကြောင့် ၀က်ပေါ်တော့ ၀ိုင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူဌေးက ခွဲတမ်းအပြည့်ပေးပါတယ်။ ကိုဘိုလတ်ကလည်း သူရတဲ့ ၀က်သားတစ်တွဲကို သူ့မိန်းမကို ဆားနယ်ခိုင်းထားပါတယ်။ သူကတော့ သူငယ်ချင်းတွေနဲ့သူဌေးပေးတဲ့ ဘီယာသောက်ပါတယ်။ သောက်နေရင်းမမူးတဲ့ အတွက်အရက်သွားထပ်ဝယ် ပါတယ်။ အရက်ဝယ်ရင်း ၀က်ပေါ်တဲ့လူစုထဲက ကိုနိုင်ငယ်က မင်းဝက်သားဘယ်မှာလည်း ငါ့ကိုပြန်ပေးလို့ ပြောပါတယ်။ ကိုဘိုလတ်ကလည်း အိမ်မှာဆားနယ်ထားတယ် လိုချင်ရင်လိုက်ယူ ငါနောက်တစ်ခေါက်ပြန်လာ မပေးတော့ဘူး လို့ပြန်ဖြေပြီး အိမ်ပြန်လာခဲ့ပါတယ်။ ည ၉ နာရီခန့်မှာ အိမ်ကိုခဲနဲ့ပေါက်တာကြားလို့ထွက် ကြည့်ပြီး ခဲနဲ့ပေါက်သူနဲ့ စကားများရန်ဖြစ်ပြီး နပန်းလုံးနေချိန်မှာ ဘေးကတစ်ယောက်က ပါလာတဲ့ဓားနဲ့ ၀င်ခုတ် တဲ့အတွက်အခုလို ဒဏ်ရာတွေရခဲ့တာပါ။



ဓားခုတ်ခံရသူလိုပဲ ပိုက်ဆံမတတ်နိုင်လို့ ဒုကရောက်နေတဲ့ ရေနွေးပူလောင်ဒါဏ်ရာနဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးလေးတစ်ယောက်ကိုလည်း ထပ်တွေ့ခဲ့ပါတယ်။ Second Degree Burn ဖြစ်ပြီး မေးဖျား၊ လည်ပင်း၊ ရင်ဘတ်၊ ၀မ်းဗိုက် နဲ့ လိင်အင်္ဂါတွေ အကုန်လုံးအပူလောင်ခြင်းကို ခံရပါတယ်။ ကလေးက အပူရှိန်အရမ်းများ နေပြီး အိပ်ပျော်ရင်းညဉ်းနေပါတယ်။ Drip သွင်းပေးထားတာတွေ့ပြီး ကလေးတစ်ကိုယ်လုံးလည်း ပတ်တီး အဖွေးသားနဲ့ပါ။ အမေဖြစ်သူက အခုလိုပြန်ပြောပြပါတယ်။ သူတို့ထမင်းစားနေတဲ့ အချိန်မှာဖြစ်တာပါတဲ့။ ထမင်းစားပြီးရင်သောက်ဖို့ဆင်အမြင့်ပေါ်မှာ အအေးခံထားတဲ့ ရေပူခွက်ကို ကလေးက မမှီမကန်းနဲ့ လှမ်းဆွဲ ယူလိုက်တော့ သူ့ဖါသာသူ လောင်းမိသလိုဖြစ်သွားတာပါတဲ့။ (မိဘများသတိထားစရာပါ ကလေးများ အတွက် အနရာယ် ရှိနိုင်မယ့် အရာမှန်သမျှ ကလေးနဲ့မမှီအောင်ထားဖို့လိုပါတယ်။)

မှတ်ချက်

ခွက်ချေး(ရာဘာချေး) = ရာဘာစေးခြစ်ရာမှ ဘေးသို့ဖိတ်စင်သောကျပြီးခဲနေသော ရာဘာတုံးကလေးများ

ကျေးဇူးတင်ထိုက်သူများ
အရေးပေါ်အသုံးစားရိတ်များနှင့် လုပ်ပိုင်ခွင့်ပေးထားသော AJWS နှင့် GHRE
အရေးပေါ်တိုင်း မညီးမညူကားမောင်းပို့ပေးတတ်သော လုပ်အားပေးဆရာဝန်ကြီး Bob
ဘာသာပြန်အကူအညီပေးသော သမီး ၀င်းဝင်းမော်

Read more...

ဇန်န၀ါရီ ၂၆


"ဖန်ငမြို့ အ၀င်တစ်နေရာ"

၉း၀၀ နာရီမှ ၁၀း၀၀ နာရီထိ

အီးမေးလ် စစ်တယ်။ ကော်ဖီသောက်တယ်။ ကွန်ပျူတာထဲက ဖိုင်တစ်ချို့ ကို hard disc ထဲကို backup ပြန်လုပ် တယ်။ Movie Maker ကိုစမ်းသုံးကြည့်တယ်။

၁၀း၀၀ နာရီမှ ၁၃း၀၀ နာရီထိ
ရုံးဝန်ထမ်းတွေ အားလုံးအစည်းဝေးထိုင်တယ်။

၁၃း၀၀ နာရီမှ ၁၄း၀၀ နာရီထိ
ထမင်းစားတယ်။ အစည်းအဝေးက မကျေနပ်တာတွေ ပြန်ပွားတယ်။

၁၄း၀၀ နာရီမှ ၁၇း၀၀ နာရီထိ
ကျန်းမာရေး သင်တန်းအတွက် နှို့၊ မုန့် တွေဝယ်တယ်။ ငွေစာရင်းဌာနမှာ တပတ်စာငွေရှင်းတယ်။ ဖန်ငဆေးရုံကို လူနာကြည့်သွားဖို့ အကြောင်းဖန်လာတယ်။

၁၇း၀၀ နာရီမှ ၂၂း၀၀ နာရီထိ

မြန်မာအလုပ်သမား အချင်းချင်း ရန်ဖြစ်ပြီး ဓါးနဲ့ ခုတ်လို့ ဆေးရုံကို ရောက်တယ်။ ဆေးရုံမှာပိုက်ဆံ မရှင်းပေးနိုင်တဲ့ အတွက် ဆေးရုံက ခွဲစိတ်ခန်းထဲကို ၀င်ဖို့ဆိုင်းငန့်ထားတယ်။ နောက်တစ်ဆင့်အနေနဲ့ လက်ရှိ ကုန်ကြထားငွေ ၇၀၀၀ ဘတ်ကျော်ကို မရှင်းပေးနိုင်ရင် လူနာကို ဖမ်းခိုင်းဖို့ရဲကိုတိုင်ထားတယ်။ ညနေ ၄ နာရီလောက်မှာ ရဲကလည်း လာကြည့်သွားတယ်။ လူနာရှင်ကလည်း ကြောက်လန့်ပြီး နီးစပ်ရာ ပိုက်ဆံလိုက် ချေးရာကနေ ကျွန်တော်နဲ့ အဆက်အသွယ်ရလာတယ်။ နောက်ထပ်ကလေး တစ်ယောက်ရေနွေးပူ လောင်လို့ ဆေးရုံကို ရောက်နေတယ်။ ရင်ဘတ်၊၀မ်းဗိုက်တစ်ခုလုံးနဲ့ လိင်အင်္ဂါမှာဆိုတော့ ၅၀% ကျော်ပါတယ်။

Read more...

Sunday, January 18, 2009

မမေ့နိုင်သေးတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်လေး တစ်ခု



ပြီးခဲ့ပြီ ဆိုပေမယ့် မေ့မရနိုင်တဲ့ ကြေကွဲဖွယ် ဖြစ်ရပ်လေးတွေ မကြာခဏ ဆိုသလိုပေါ်လာတတ်ပါတယ်။ ပေါ်လာ တိုင်းလည်း ၀မ်းနည်းမှုဟာ မနေ့ကအတိုင်း လတ်ဆတ်နေဆဲပါပဲ။ နေ့ခင်းပိုင်း လမ်းဘေးကွမ်းပင်အောက်မှာ ကွမ်းသီးကောက်နေတဲ့ မမြင့်ကြည်နဲ့ သူငယ်ချင်းတစ်စု အနီးကို ကားတစ်စီးထိုးဆင်းလာပါတယ်။ မမြင့်ကြည် မရှောင်နိုင်တဲ့ အတွက် ကားတိုက်မိပါတယ်။ မထနိုင်တော့တဲ့အတွက် အခြားကားတစ်စီးကို အကူအညီ တောင်းပြီး ခူရဘူရီ တိုက်နယ် ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။ တိုက်နယ် ဆေးရုံမှ လက်မခံနိုင်တဲ့ အတွက်မြို့  နယ်ဆေးရုံ တကောပါ ကိုတင်ပို့ ခဲ့ပါတယ်။ ခွဲစိပ်ခန်းနဲ့ အရေးပေါ် ဌာနမှာ တစ်ညနဲ့ တစ်နေ့နေခဲ့ရတယ်။ သတိပြန်ရလို့ စကားပြောနိုင်တဲ့ အချိန်မှာ သူလွယ်ထားတဲ့ ၅ ခန့်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ကို စပြီးသတိရပါတယ်။ ချုပ်ရိုးတွေပြည့်နေတဲ့ ဗိုက်ကိုစမ်းကြည့်မိပြီးတဲ့ အချိန်မှာ သတိပြန်မေ့သွားခဲ့ပါတယ်။ သူ့ရင်သွေးလေးဟာ ကားတိုက်မိတဲ့ ဒဏ်ကြောင့်သေဆုံးသွားတာကြောင့် ဆရာဝန်များက ခွဲစိတ်ထုပ်ပစ်ခဲ့ရတယ်။ လူနာမေးလာတဲ့ လူတိုင်းကို ဗိုက်လေးကိုလှန်လှန်ပြပြီး သူငိုနေတတ်ပါတယ်။
ဝမ်းဗိုက် ခွဲစိတ်ဒဏ်ရာအပြင် ဗယ်ဘက်ပေါင်မှာ ၁၂ ချက်ချုပ်ရပါတယ်။ တစ်ကိုယ်လုံး သွေးချည်ဥ ညိုမဲစွဲ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ရင်သွေးလည်း ဆုံးရှုံး လူလည်းဒဏ်ရာများနဲ့ ဆေးရုံမှာ ၂ ပတ်ကျော်ကြာ နေခဲ့ရပေ မယ့် မပြီးသေးပါဘူး။ ငွေကြေးကုန်ကျမှု မတတ်နိုင်တဲ့ အတွက် ဆေးရုံ တာဝန်ရှိသူများရဲ့ နေ့စဉ်နဲ့ အမျှ ဆူပူမှုကို ခံနေရပါတယ်။ ကားနဲ့ ၀င်တိုက်ခဲ့တဲ့ ကားအမောင်းသင် အမျိုးသမီးကတော့ သူမဟုတ်သလိုနေနိုင်ခဲ့ပါတယ်။ မမြင့်ကြည်ရဲ့ သူဌေး ညှိုနှိုင်းဆောင်ရွက်ပေးတာက ၅၀၀၀၀ ဘတ်ကျော် ကုန်ကြမယ့်ဆေးဖိုးဝါးခအတွက် ၇၀၀၀ ဘတ်ထုတ်ပေးခဲ့ပြီး နောက်ပေါ်မလာတော့ပါဘူး။ အဖွဲ့အစည်း အနေနဲ့ ကြားဝင်ပေးဖို့ ကမ်းလှမ်းတဲ့ အခါ မမြင့်ကြည် ရဲ့ အမျိုးသားက ရေရှည်အတွက်ဆိုပြီး ခေါင်းခါပါတယ်။ ဒီတော့လည်းမတတ်နိုင်ပါဘူး။ လျှော်ကြေး ပေးတဲ့ ၇၀၀၀ ဘတ်ရယ် လူနာရှင်က ၈၀၀၀ ဘတ်ရယ် ကျွန်တော့် ကျန်းမာရေးဌာန အရေးပေါ်အသုံးစားရိတ် ၁၀၀၀၀ ဘတ် ပေါင်း ၂၅၀၀၀ ဘတ်ကိုင်ပြီး လူမှုဖူလုံရေး ရုံးခန်းကို မျက်နှာငယ်နဲ့ သွားရပါတယ်။ ၅၀၀၀၀ ဘတ်ကုန်ကြစားရိတ်ကို ၂၅၀၀၀ ဘတ် သာပေးနိုင်တဲ့ အတွက် အချိန်တော်တော် ကြာကြာ ဆူပူမှုကိုလည်း ခဲ့ယူခဲ့ရပါတယ်။ ပြီးသွားခဲ့ ပြီဆိုပေမယ့် မမေ့နိုင်သေးတဲ့ အဖြစ်အပျက်တွေထဲက ဖြစ်ရပ်တစ်ခုပါပဲ။

Read more...

Friday, January 9, 2009

အွန်လိုင်း လက်ဆောင်

မြန်မာတို့ဆိုရိုးစကားရှိတယ် မဟုတ်လား။ "ကွယ်ရင်မေ့ တွေ့သေအောင်လွမ်းတယ်" ဆိုတာလေ၊ အဲဒီဆိုရိုးများ ကျွန်တော်နဲ့ လိုက်ဖက်ညီမယ်ထင်တယ်။ သူငယ်ချင်းတွေ များလည်း အဲလိုပဲပြောကြတာပါပဲ။ ဒါပေမယ့် အဲဒါ ၂၀၀၈ မှာကျန်ခဲ့တယ်သိလား။ လူကိုခင်လို့ မူကိုပြင်လိုက်တာလေ။ ဘယ်သူ့ခင်တယ်မှတ်လည်း ကိုယ့်ဖါသာ ကိုယ်ခင်တာ။ ၂၀၀၉ အစမှာ ဘာလုပ်တယ်မှတ်လည်း ဂျီတော့မှာ တွေ့သမျှသူငယ်ချင်းတွေ ကိုယ်ကအရင် နှုတ်ဆက်တယ် ၊ ပြီးရင်နှစ်သစ်လက်ဆောင်တောင်းတယ်။ ဖုန်းထဲမှာ ရှိတဲ့ သူငယ်ချင်းများ အားလုံးကို ကိုယ်ကအရင်ဖုန်းခေါ်တယ်။ အွန်လိုင်းပေါ်တတ်ခိုင်းတယ် ပြီးရင်လက်ဆောင် တောင်းတယ်။ တစ်ချို့ ကလည်း ကြည်ကြည်ဖြူဖြူ ပေးကြတယ်။ တစ်ချို့ ကလည်း မေတ္တာပို့တယ်။ ဘာပဲဖြစ်ဖြစ်လက်ဆောင်တော့ ရတာပေါ့။ ကျွန်တော် များ အဲဒါနဲ့ မကျေနပ်နိုင် သူငယ်ချင်းရဲ့ သူငယ်ချင်းများကိုပါ အတင်းလက်ဆောင်လိုက် တောင်းခိုင်းတယ်။ ညီလေးတွေဖြစ်တဲ့ ကျော်သက်သွေး နဲ့ နံနက်ခင်းကဗျာ တို့ဆိုရင်သူတို့ရဲ့ ဂျီတော့ မက်ဆေ့ခ်ျ မှာတောင် လင့်နဲ့ကြေညာပေး ရတဲ့ အဆင့်ထိရောက်ကုန်တယ် ဟီး...ဟီး...။
သူငယ်ချင်းအရင်း ခေါက်ခေါက် Southern Migrant နဲ့ ဗန်ကို တို့များမပေးဘူးခေါင်းမာတယ်။ ကျေးဇူးတင်တယ်တဲ့ ကောင်းကင်ကိုကို မဲပေးခွင့်ရလို့တဲ့၊ ငါ့ကျတော့မပေးဘူးပြောတော့ သူက ကဗျာရေးတာ ကောင်းတယ်တဲ့။ ကျွန်တော်ဘာလုပ်တယ် မှတ်လည်း "အိမ်ရှင်" ကဗျာလင့်ကိုပေးပြီး ကောင်းကင်ကို လာဖတ်တဲ့ငါ့ကဗျာ ဆိုတော့မှ တစ်ယောက် တစ်မဲထွက်လာတယ် ဟူး....မောလိုက်တာ။ အဲဒီလက်ဆောင် တောင်းတဲ့ကိစ္စက ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တင်မပြီးဘူး ချင်းမိုင်၊ ဘန်ကောက်၊ မဲဆောက်ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးက သူငယ်ချင်းတွေကုန်သွားတယ်။ အဲဒီမှာ စတွေ့တာလေ မဲကလည်းမပိတ်သေးဘူး နှစ်ရက်ကြီးများ တောင် ကျန်သေးတယ်။ အဲဒါနဲ့ဒီပို့စ် ရေးပြီး စာလာဖတ်တဲ့ ဘလောက်ဂါသူငယ်ချင်းတွေကို နှစ်သစ်ကူး လက်ဆောင် တောင်းတာ ဖတ်ပြီးရင် လက်ဆောင် ပေးကြနော်။



Myanmar Blog Academy Award ရဲ့ Home Page နော်
လက်ဆောင်ပေးဖို့လင့်က ဒီမှာ အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆုအောက်မှာ ပိုကောင်းမယ့် မနက်ဖြန်နော် ဟီး...။ မြန်မြန်ပေးနော် နှစ်ရက်ပဲကျန်တော့တယ် ၁၀ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီဆို လက်ဆောင် ပေးမရတော့ဘူး။



2008 weblog awards ရဲ့ Home Page
နောက်တစ်ခုကတို့ ဘုန်းဘုန်း အရှင်မေတာစာရ (Ashin Matacara) ကိုလည်း လက်ဆောင်ပေးကြအုံးနော်။ လင့်ကဒီမှာ တို့ ဘုန်းဘုန်းကိုလည်း လက်ဆောင်မြန်မြန်နဲ့ များများပေးကြအုံးနော်။


Read more...

Thursday, January 8, 2009

စားဝတ်နေရေး ပြသာနာ

ဒီရက်ထဲမှာစိတ်ခံစားချက်တွေ သိပ်မကောင်းဘူးဖြစ်နေတယ်။ ကိုယ်စောင့်ရှောက်နေရတဲ့ နာတာရှည် (အေအိုင်ဒီအက်စ်နဲ့ တီဘီ) လူနာတစ်ချို့ ရဲ့ ကျမ်းမာရေး အခြေအနေတိုးတက်မှုမရှိတဲ့ ဘက်ကများနေတယ်။ တစ်ချို့ လူနာ ဆိုရင် တစ်ပါတ် ထဲမှာတင်ဆေးရုံကို အတက်အဆင်း ၃ခါလောက်လုပ်နေရတယ်။ Temporary Shelter မှာလည်း လူနာတွေအတွက် အခန်းတွေပြည့်နေပြီ AIDS နဲ့ TB ရောဂါသည်တွေ နှစ်ကုန်ပိုင်းမှာ တိုးလာတယ်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ကနေပြီး လူနာတွေအပန်းဖြေဖို့ ဆောက်ထားတဲ့ TV/ DVD ထားဖို့နေရာလည်း လူနာတွေနဲ့ပြည့်ကုန်ပြီ။



လူနာတွေအတွက် စားရေးသောက်ရေးအတွက်လည်း ပူပင်လာရတယ်။ အရင်က နယ်စည်းမခြားဆရာဝန်များ အဖွဲ့က - အေအိုင်ဒီအက် လူနာတစ်ယောက်အတွက် ၁ လကို ဆန် ၁၀ ကီလို၊ ဆီ ၂ ဗူး၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက်၊ငါးသေတာတွေထောက်ပံ့ရာကနေဇန်န၀ါရီလက စလို့ တစ်ချို့  ပြန်လည်ကျန်းမာလာပြီ ဖြစ် တဲ့ လူနာတွေကို ရိကာ တွေကိုလျော့ချမယ် ဆိုတော့ တစ်ချို့ လူနာတွေက စိတ်ဓာတ်ကျပြီး ဆေးတွေကိုလွှတ်ပစ်ဖို့၊ ရပ်ပစ်ဖို့လုပ်လာကြတယ်။ မိမိတို့အဖွဲ့အနေကလည်း လူနာတစ်ယောက်ကို တစ်နေ့ ၃၀ ဘတ်ထက်ပိုပြီး အကုန်အကျ မခံနိုင်တော့ လူနာတွေကိုသနားမိတယ်။ တစ်ချို့ ထမင်းမစားနိုင်တဲ့ လူနာတွေဆို အာဟာရ တွေလိုအပ်တယ် ကိုယ်ပိုင်အလှူဖြစ်တဲ့ နို့၊ သီးစုံဖျော်ရည်တို့ ကိုလည်း လူနာများလာတော့ မတတ် နိုင်ဖြစ်ရတယ်။ NGOs အဖွဲ့တွေအနေနဲ့ လည်းအကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ပေးနိုင်မယ်လို့ပဲ မျှော်လင့်ရင်း ဆုတောင်းရမှာပါပဲ။

Read more...

Tuesday, January 6, 2009

မိနွယ်အကြောင်း တစ်စေ့တစ်စောင်း

အလှူရှင်တစ်ယောက်နဲ့ချိန်းထားတဲ့ အတွက်ခူရဘူရီ စာသင် ကျောင်းကို ကျမ်းမာရေးပညာပေး သွားရမှာ ဖြစ် ပေမယ့်၊ခရီး စဉ်ကိုဖျက်သိမ်းခဲ့တယ်။မနက်(၉း၀၀)နာရီရုံးရောက်ကတည်း က ဖုန်းကိုစောင့်မျှော်မိတယ်။ ညနေရုံးဆင်းချိန်ထိဖုန်းမလာ။ စိတ်လည်းမော လူလည်းမော ကျန်းမာရေးပညာပေး ခရီးစဉ် လည်းပျက်ခဲ့ ရတယ်။ မိနွယ်အတွက်လည်း စိတ်မကောင်းဖြစ် မိတယ်။ မိနွယ်ကို ကျွန်တော်စတွေ့တော့၁၁ နှစ်သမီး၊ သူ့ခဗျာ အခြေခံပညာလေး တောင်မ တတ်ဖြစ်နေတယ်။ လူကြား ထဲသွားရမှာကိုရှက်နေတော့ လည်းခက်တယ်။ အကြောင်းက သူ ၃ နှစ်သမီးအရွယ် ထိုင်းနိုင်ငံ ရနောင်းမြို့  မှာ ၀မ်းဗိုက်ဘာဖြစ်တယ်မသိ (ဆေးမှတ်တမ်းလည်း မရှိ၊ မိဘများကလည်း သေချာပြန်မပြောပြနိုင်) စအိုမှဝမ်းသွား ခြင်း မဟုတ်ပဲ ၀မ်းဗိုက်တွင်ဖေါက်ပြီး ၀မ်းသွားခိုင်းထားတယ်။ ၀မ်းသွားလမ်းကြောင်းလွှဲထားတယ်ပေါ့။ သုံးနှစ်ခန့်ကြာလျှင်ပြန်လာရန် ဆရာဝန်များမှ မှာကြားပြီး ပြန်လွှတ်လိုက်တယ်။ မိဘများမှ မသွားနိုင်ဖြစ်ခဲ့တယ်။ ဒီထက်ဆိုး သည်က မိဘများက ဆေးမှတ်တမ်းများကို ဂရုတစိုက်သိမ်းထားရမှန်းမသိ ပျောက်ကုန်တယ်။
ကျွန်တော် လုပ်ပေးနိုင်တဲ့အပိုင်းက တတ်နိုင်သမျှ ကိုအကူပေးထားတယ်။ အနီးအနားက ဆေးရုံတင်မက ဖူးကတ်ဆေးရုံကြီးထိ ကလေးကိုခေါ်ပြီး ဆရာဝန်နဲ့ပြတယ်။ ဆရာဝန်က နှစ်ခေါက်ပြန်ချိန်းတယ်။ ဓာတ်မုန်ရိုက် တယ်။ လုံလောက်တဲ့ ရောဂါရာဇ၀င်ရှာမတွေ့ ခြင်းကြောင့်လားမသိ အရင်ဆေးမှတ်တမ်းများကို ရနောင်း ဆေးရုံကြီးမှာရှာခိုင်းတယ်။ ရနောင်းဆေးရုံကြီးထိ သွားရှာသော်လည်းပဲ လွန်ခဲ့သော ၇ နှစ်ကျော်ခန့်က မြန်မာ ကလေးတစ်ယောက်ရဲ့ ဆေးမှတ်တမ်းက အစရှာမရ။

(ဖူးကတ်ဆေးရုံ ဓာတ်မုန်ဌာန ရှေ့ မှ မိနွယ်)

ဖူးကတ်ဆေးရုံကိုနောက်တစ်ခေါက်ပြန်သွားတယ်။ ဆရာဝန်က လက်မခံ စူရတ်ဌာနီဆေးရုံကို ထပ်မံလွှဲပြန် တယ်။ ကျွန်တော်ရဲ့ ကြိုးစားမှုတွေ ခြေကုန်လက်ပန်း ကြကုန်တယ်။ ပြီးခဲ့တဲ့ အပတ်က အမေရိကားကို ခဏရောက်နေတဲ့ ညီမလေးတစ်ယောက်က အလှူရှင် တစ်ယောက်နဲ့ ဆက်သွယ်ပေးမယ်။ အစ်ကိုဖုန်းနံပါတ် ကိုပေးလိုက်မယ်။ အမြန်စီစဉ်ပါတဲ့ သူနှစ်ပါတ်ပဲ ထိုင်းနိုင်ငံမှာ နေမှာဆိုတဲ့ ကိုယ်လည်း စီစဉ်သင့်တာတွေ စီစဉ်တယ်။ ဟိုဘက်ကဖုန်းမဆက်လာ။ ဒီတစ်ခါကော မိနွယ်လေးအတွက် ဘယ်လိုရှိမလည်းမသိ။ အိပ်ယာ ထဲရောက်ပြီးမှ အိပ်မပျော် ဒီစာကိုကောက်ရေးတယ်။ မိနွယ်လေးဘ၀ အစဉ်ပြေစေဖို့ဆု တောင်းပေးပါတယ်။

Read more...

Saturday, January 3, 2009

ဆင်းသူဆင်းလို့ တက်သူတက်

ကျန်းမာရေးဝန်ထမ်း ဘ၀မှာအားလပ်ရက်ဆိုတာ နည်းပါးလှပါတယ်။ ဒီနေ့လည်း တီဘီလူနာတစ်ယောက် ကျန်းမာရေး အခြေအနေပြန်လည် ဆိုးရွားလာတာကြောင့် ဆေးရုံကို အရေးပေါ်ပို့ပေးခဲ့ရပါတယ်။ အပြန်မှာ ဆေးရုံမှာ ရက်လေးဆယ်ကျော်နေတဲ့ အေအိုင်ဒီအက်စ် ရောဂါသည် ညီငယ်လေးတစ်ယောက်ကို ဆေးရုံက ဆင်းခိုင်းနေတာကြောင့် ပြန်ကြိုလာခဲ့ပါတယ်။ ယာယီခိုလှုံသူများနေထိုင်ရာတန်းလျားမှာ အခန်းစီစဉ်ပေးရ ပါတယ်။ အင်း..... အသစ်ထပ်တိုးလာတဲ့ဝေဒနာရှင် တစ်ယောက်ပေါ့။
ကျွန်တော်တို့ရဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားများဟာ ဆေးအရှိန်ဒဏ်ကို မခံနိုင်လို့ ကိုယ့်ဖါသာ ဆုံးဖြတ်ပြီး ရပ်ပစ်လိုက်တာတွေရှိပါတယ်။ ဒါကိုအတူနေသူ များကလည်း လိုက်လျောတတ်ကြပါတယ်။ ဆေးယဉ်ပါးတဲ့ တီဘီပိုး ကူးစက်ပြန့်နှံ့ရတဲ့အကြောင်းအရင်းတစ်ချက်လည်းပဲ ဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာက သေသေချာချာ တတ်ကျွမ်းခြင်းမရှိသူများနဲ့ တိုင်ပင်ပြီး ဆေးမှီးတိုတွေနဲ့ ရမ်းကုသတတ်ပြန်ပါသေးတယ်။ လည်ပင်းမှာ ထွက်လာတဲ့ တီဘီအကြိတ်တွေကိုလည်း ပြည်ရှိတယ်ဆိုပြီး သန့်ရှင်းမှုမရှိတဲ့ အခန်းမှာပဲ ခွဲထုတ်ကြပါတယ်။ ကျွန်တော်နဲ့တွေ့တော့ လည်ပင်းတစ်ခုလုံးနည်းပါး ပြည်တွေတည်နေပြီး လူနာလည်းပဲ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့တာကြောင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ကိုဆေးဝါးကုန်ကြ စားရိတ် အကူအညီတောင်းပြီး ဆေးရုံကိုတင်ပို့ပေးခဲ့ရပါတယ်။

အေအိုင်ဒီအက်စ် လူနာညီလေးကိုကြည့်တော့လည်း အသက်က ၂၅ လောက်ပဲရှိပါသေးတယ်။ ဘယ် အသက်အရွယ်လောက် ကတည်းက သူရောဂါပိုးကူးစက်ခြင်းကိုခံထားရသလဲဆိုတာ မခန့်မှန်းတတ် သလောက် ပါပဲ။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ခြင်းနီးကပ်တဲ့ နယ်မြေကလူတွေက အရွယ်မတိုင်မှီကလေးဘ၀ကတည်းက ထိုင်းနိုင်ငံဘက်မှာ အလုပ်လာလုပ်နေကြပါပြီ။ တရားမ၀င်ကလေးအလုပ်သမားနှုန်း တွေမြင့်တက်နေတာဟာ အိပ်အိုင်ဗွီ၊ အေအိုင်ဒီအက် ကူးစက်နှုန်းပြန့်ပွါးမှုနဲ့ စပ်စပ်နေတယ်ဆိုတာ အတွေ့အကြုံအရပြောရဲပါတယ်။ အနာဂတ် အရေးကို စိတ်လေးမိပါတယ်။ ပထမအကြိမ်သွေးစစ်ချက်အဖြေအရ ဇနီးသည်မှာ တော့မတွေ့သေး ပါဘူး။ နောက်သုံးလ သို့ ခြောက်လ တစ်ကြိမ်ပြန်စစ်လျှင်တော့ မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းပေးရတော့မှာပေါ့။

Read more...

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP