Monday, February 23, 2009

သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ


ဖေဖေါ်ဝါရီ ၁၄ ရက် ဖူးခတ်ကို သွားတဲ့လမ်းမှာ ဒီဓာတ်ပုံကို ရိုက်ခဲ့ပါတယ်။ ဆိုင်ကယ် တက္ကစီ ကိုတားမြန်မာ အလုပ်သမား နှစ်ယောက်ကို ဖမ်းပြီးလမ်းဘေးမှာ ဆောင့်ကြောင့်လေးထိုင်ခိုင်းထားတာ တွေ့လို့ဖုန်းထဲက ကင်မရာနဲ့ဓာတ်ပုံ ရိုက်မိတယ်။ ရဲက တွေ့သွားလို့ ကားပေါ်ကဆင်းခိုင်းပြီး စစ်ဆေးတယ်။ ဓာတ်ပုံကို ပြန်ဖျက် ခိုင်းခဲ့တယ်။ လူလည်း ထူထူပူပူနဲ့ ဓာတ်ပုံမရှိတဲ့ ဖိုင်ကိုအကြိမ်ကြိမ်ပြမိတယ်။ ရဲလည်း တောက်တခေါက်ခေါက်နဲ့ ကျွန်တော့်ကို သွားခွင့်ပြုလိုက် ရတယ်။ အဲဒီ အတောအတွင်းမှာ လက်အုပ်ကို ချီပြီး စ၀ါဒီခပ် နဲ့ ခေါထို့ ပေါင်းအကြိမ် မရေတွက်နိုင်အောင်လုပ်ခဲ့ရတယ်။ ဘာကြောင့် ကျွန်တော်ဓာတ်ပုံ ရိုက်လိုက်တယ် ဆိုတာ ကျွန်တော်အကြိမ်ကြိမ်ပြန်စဉ်းစားမိပါတယ်။ အဲလို ရိုက်ခဲ့တဲ့ဓာတ်ပုံ တစ်ချို့ လည်း ကျွန်တော့်ဆီမှာ ရှိနေပါ သေးတယ်။ ဘာကြောင့် အဲလို အကြိမ်ပေါင်းများ စွာဓာတ်ပုံ ရိုက်မိနေတာလည်း ဘာကြောင့်ပါလည်း......။
သံတိုင်နောက်မှ ကြွေလွင့် ပန်းစက္ကူ
နေ့ခင်းပိုင်း တစ်ရက်မှာ ဆေးခန်းလာပြတဲ့ အစ်မတစ်ယောက်ပြောပြတဲ့ ၀မ်းနည်း ကြေကွဲဖွယ် ဇတ်လမ်းလေး တစ်ပုဒ်ရှိခဲ့ပါတယ်။ သူမအလုပ်လုပ်နေတဲ့ ပန်းရံဆိုက်တစ်ခုကို ရဲဝင်ဖမ်းလို့ သူမအပါအ၀င် တစ်ချို့ အဖမ်းခံရပြီး ဖန်င အချုပ်ထောင်ကိုပို့ခြင်း ခံခဲ့ရပါတယ်။ ကျောက်တောင်နောက်ခံ ရှိတဲ့ အချုပ်ထောင်ရဲ့ အေးစက်စက်ကြမ်း ပြင်မှာ အိပ်စက်ခဲ့ရပါတယ်။ တစ်ပတ်ခန့် အကြာနေထိုင်ပြီး ဆံပင်ရှည်ရှည် မဖြူမညို အသားအရည်နဲ့ မိန်းမချော ငယ်လေး ရောက်လာခဲ့ပါတယ်။ အားလုံးက နှမငယ်လေးလို ၀ိုင်းဝန်းစောင့်ရှောက်ပြီး သူတို့ လွတ်မြောက်နိုင် ဖို့အရေးအတွက် ပွဲစားအကူအညီနဲ့ ကြိုးစားနေခဲ့ကြပါတယ်။ မိန်းမချောငယ်လေး အချုပ်ကိုရောက်ပြီး နှစ်ရက်ခန့် အကြာမှာ အသက်ကြီးကြီးရဲတစ်ယောက်က သူ့အမေလာရွေးထုတ်တယ် ပြောလို့။ ၀မ်းသာစွာနဲ့ ကောင်မလေးနင် ကံကောင်းတယ်ဆိုပြီး ထဲ့လိုက်တယ်။ နောက်တစ်ရက်ညနေမှာ ပဲကောင်မလေး ပြန်လာ တယ် နင့်ကို နင့်အမေလာရွေးတယ်ဆို ဘာဖြစ်လို့ပြန်ရောက်လာတာလည်းမေးတော့ ကောင်မလေးရှိုက်ကြီး တငင်ငင်ငိုပြီးတော့ ပြောပါတယ်တဲ့။ အမေလာရွေးတာ မဟုတ်ပါဘူး သူ့ကို တည်းခိုခန်း ခေါ်သွားပြီး အကြိမ်ကြိမ် အိပ်တယ်လို့ ပြောပါတယ်။ သူကောင်မငယ်လေးကိုဖတ်ပြီး ငိုလိုက်ရတာတဲ့။
သူကျွန်တော့်ကို ပြောပြနေရင်း ငိုနေသေးလို့ ဖျောင်းဖြပြီး အိပ်ပျော်ဖို့ ဆေးနဲ့ အားဆေးပေးလိုက်ပါတယ်။ သူပြန်သွားပြီးနောက် ကျွန်တော်လည်း ငိုခဲ့မိပါတယ်။ သြော်....... ဒို့ သွေးချင်းတွေ အခုလိုအဖြစ်မျိုးနဲ့ ဘယ်လောက်တောင်ကြွေလွင့်ခဲ့ရပြီးပြီလည်း နောက်ထပ်ကော ဘယ်လောက်တောင် ထပ်ကြွေကြရအုံးမှာ လည်းဆိုတာ...........။

Read more...

Thursday, February 19, 2009

ရာဇ၀င်ထဲက ကြွေပွင့်များ

ရွက်ကြွေတောမှာ
ငါ ရောက် နေခဲ့
လေးနှစ်နဲ့ သုံးလ စွန်းခဲ့ပေါ့....။
အဲဒီကာလရဲ့ အတွေ့အကြုံ
အဖြစ်အပျက်စုံ ဇတ်လမ်း
မှတ်တမ်းမရှိပေမယ့်
ငါ့ဖြတ်သန်းမှုအရ သိခဲ့ရတယ်။
တွယ်ရာ မမဲ့ပေမယ့်
ကယ်ရာ မဲ့ခဲ့သူတွေ
ရွက်ကြွေတွေ အောက်မှာ
ငါတို့ရဲ့ ဆွေမျိုးပေါက်ဖေါ်တွေ
ဟိုတစ်ယောက် ဒီတစ်ယောက်
ဟိုတစ်ပွင့် ဒီတစ်ပွင့်
ကြွေလွင့်ခဲ့တာတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ပျောက်ဆုံးခဲ့ရတဲ့
နှလုံးသွေးပိုင်ရှင်
ငါတို့သွေးချင်း အပျိုစင်တွေရဲ့
ဝိညာဉ် လှလှလေးတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ရောက်ခဲ့ရတဲ့ မိခင်လောင်းတွေ
လင်သေ လက်ကိုဆွဲ
အံကို ကြိတ်ခဲလျှက်
ရမက် ကြွေးတွေ အတွက်
အသက်စတေးခဲ့ရတာတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
တစ်ယောက်နှင့် တစ်စု
စားကျက်လုရင်း
ကြွင်းကျန်ရစ်တဲ့
သွေးဖြစ် ရုပ်ကြွင်းတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ရှမ်းပြည်ရောက် မြန်မာတွေရဲ့
အရှက်နဲ့ သိကာတွေ
အသက် သွေး ချွေးတွေ
ဒု နဲ့ ဒေးမျှ ရှိခဲ့တယ်။
သြော်.......
ရွက်ကြွေတောမှာ
ငါရောက်နေတာ လေးနှစ်ကျော် ဆိုပေမယ့်
ဆယ်စုနှစ် သုံးနှစ်ကျော် ဖြစ်ပျက်ခဲ့တဲ့
ငါ မသိသေးတဲ့.......
ငါ မသိနိုင်ခဲ့တဲ့.......
သမိုင်းမထင်တဲ့ ရာဇ၀င် ကြွေပွင့်တွေအကြောင်း
ထောင်သောင်းမက ရှိနေဦးမယ်ဆိုတာ
ရွက်ကြွေတောတွေက သိမှာပါ။
ဟော.............. ကြည့်
အခုလည်းလေ
ရာဘာရွက်တွေ ကြွေနေပြန်ပြီ......။

ရှမ်းပြည် = ထိုင်းနိုင်ငံ

Read more...

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP