Saturday, June 7, 2008

နှစ်ဝက်တောင် ရောက်ပြီ

June,1,2008

နှစ်ဝက်တစ်ခု ရဲ့ပထမ ရက်ကိုရောက်လာပြီ။ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ပြန်တွေး ကြည့်တော့လည်း ရေးရေးရယ်။ အကောင်းနဲ့ အဆိုးတွေရောထွေးနေတယ်။ ကျမ်းမာရေး ပညာပေးပွဲတစ်ခုပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဖျက်လိုက်ရတယ်။

လွန်ခဲ့တဲ့ အပါတ်က ရုံးကကားတစ်စီးကို အလုပ်သမားကဒ် မရှိသူ တင်ဆောင်မှု နဲ့ဖမ်းခံရတာကြောင့် (တရားမ၀င်) ဒဏ်ငွေ လေးသောင်းဘတ် ပေးဆောင်လိုက်ရ တယ်။ အဲဒီအကြောင်းအရင်း တစ်ခုကြောင့်သင်တန်းဖျက်ရတာလည်း ပါတယ်။ သင်တန်းတွေကို လူထုထဲမှာ ပဲသွားပေးနိုင်အောင် အစီအစဉ်တွေပြန်ပြောင်းရမယ်။

ရာသီဥတုသာယာတယ် ထင်ရပေမယ့် ညနေပိုင်းမှာ လျှပ်တွေ လပ်ပြီးမိုးသည်း ထန်စွာရွာတယ်။

“ကိုယ့်သဘော ဆန္ဒတစ်ခု၊ အပြုအမူတစ်ခု၊ အပြောအဆိုတစ်ခု ကြောင့် သူတပါးကို မထင်မှတ်ပဲ ထိခိုက်မိတတ်တယ်။ အရာရာကို သတိနဲ့ တုံ့ပြန်ရမယ်။”

Read more...

Saturday, May 3, 2008

“အမှန်တရား အတွက် ကြက်ခြေခတ်”


မြန်မာပြည်သူ လူထု အတွက်တော့ ရယ်စရာများ ဖြစ်နေမလား မသိဘူး။ဆောင်းပါး ခေါင်းစဉ်ကိုက“အမှန်တရား အတွက် ကြက်ခြေခတ်”တဲ့။ မြန်မာ တစ်နိုင်ငံလုံးမှာ အသုံးပြု နေတဲ့ အမှန်တရား အတွက် အမှတ်အသားက အမှန်ခြစ်တဲ့ လက္ခဏာ(√) ကိုပဲ အသုံးပြု ကြပါတယ်။ အခုဟာက ကြက်ခြေခတ် လက္ခဏာ(Χ) ကိုအသုံးပြုမယ်ဆိုတော့ ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။ မှန်ပါတယ်။ အဲဒီ ထူးဆန်းတာကိုက မြန်မာ တစ်မျိုးသားလုံးအတွက် အဓိပ္ပာယ်ရှိမယ့် ထူးခြားချက်ပဲ။


အကြောင်းရင်းက လာမယ့် မေလ(၁၀)ရက်နေ့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့ န အ ဖ က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီဆန္ဒခံယူပွဲဟာ မြန်မာ့နိုင်ငံရေး မြင်ကွင်းကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်တဲ့ အခြေအနေ တစ်ရပ်ဖြစ်တာကြောင့် ပြည်သုလူထု အနေနဲ့ မိမိတို့ ဆန္ဒအမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ဆန္ဒခံယူမဲ့ အခြေခံ ဥပဒေ မူကြမ်းဟာ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲထားတာ မဟုတ်ပဲ စစ်အစိုးရက သူ့အလိုကျ သူ့စိတ်ကြိုက် သူဖန်တီးလို့ရအောင် ရေးဆွဲထားတဲ့ မူကြမ်းဖြစ်ပါတယ်။ဒါကြောင့် ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။


မြန်မာနိုင်ငံတော်ကြီးကို စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် ပို့ဆောင် နိုင်ဖို့ရာ ဆန္ဒခံယူပွဲမှာ ဆန္ဒမဲ ပေးခွင့်ရှိသူ ပြည်သူလူထုတွေ အနေနဲ့ မိမိတို့ ပေးရမယ့် မဲတစ်ပြားကို တန်ဖိုးရှိရှိ အသုံး ချတတ်ဖို့ အရမ်း အရေးကြီးပါတယ်။ဒါကြောင့် စစ်မှန်တဲ့ အမှန်တရားအတွက် ဒါမှမဟုတ် အမှန်တရား ရရှိ ဖို့ အတွက် ဥပဒေ မူကြမ်းကို မထောက်ခံပဲ ကန့်ကွက်တဲ့ ကြက်ခြေခတ် (Χ) လက္ခဏာကို စွဲစိတ်မှတ်လို့ အမြဲ မမှားအောင် အသည်းကြားက မဲတစ်ပြားကို ကွဲကွဲပြားပြား ထည့်ပေးကြဖို့ အထူး လိုအပ်လှပါတယ်။ န အ ဖ က ရေးဆွဲတဲ့ နိုင်ငံတော် ဖျက်ဆီးပုံ အခြေမမှန် ဥပဒေဟာ တိုင်းပြည်ကို ဖျက်ဆီးဖို့၊ တိုင်းသူပြည်သား တွေကို အသေခံပေးဖို့နဲ့ သာသနာတော်ကို ခုတုံးလုပ်ဖို့၊အချိန် အတိုင်းအတာ မရှိ စစ်အာဏာရှင်တွေ ဗိုလ်ကျစိုးမိုးနိုင်ဖို့ အတွက် စံနစ်တကျ စီမံရေးဆွဲထားတဲ့ လူသတ် ဥပဒေသာဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့ စစ်အစိုးရက ဦးစီးပြီး ပြုလုပ်မယ့် မေလ လူထုဆန္ဒ ခံယူပွဲနဲ့ စစ်အာဏာရှင်တွေရဲ့လုပ်ရပ်အားလုံးကို လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း ပြသဖို့ လိုအပ် နေပါပြီ။ တစ်နည်းပြောရရင် “အမှန်တရား အတွက် ကြက်ခြေခတ်” ဖို့လိုအပ်နေပါပြီ။ ဒါဟာ “အနာဂါတ် မြန်မာပြည်အတွက်ရော မိမိတို့အတွက်ပါ ဂုဏ်မြောက်မယ့် ဂုဏ်မြောက်တဲ့ လုပ်ရပ်အဖြစ် ယုံကြည်လက်ခံ ရမှာဖြစ်ပါတယ်။”

ဒီနေရာမှာ တစ်ခု သတိပေးချင်တာက ဆန္ဒမဲ ပေးသူတွေ အနေနဲ့ မိမိတို့ ရရှိတဲ့အခွင့်အရေးကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့နဲ့ စိတ်မှာ ဒွိဟ မဖြစ်ပဲ ပြတ်သားဖို့လိုပါတယ်။မိမိတို့ရဲ့ဆန္ဒအမှန်ကို သတ္တိရှိရှိ ဖော်ထုတ်ရဲရ မယ်။ ဘယ်သူမှ ကြောက်စရာ မလိုဘူး။မပြတ်သားပဲ ကြောက်နေရင် ဒါမှမဟုတ် ကြားနေရင် သာ ပြဿနာ အကြီးအကျယ်ရှိတာ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပေးရမယ့် မဲတစ်ပြားဟာ ရွေးချယ်မှု မှားခဲ့ ရင် ဒါမှမဟုတ် အလဟဿ ဆုံးရှုံးသွားရင် တိုင်းးသူပြည်သားတွေဟာ လက်ရှိ အခြေအနေထက် ဆိုးရွားတဲ့ အဖြစ်နဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်။ စစ်အစိုးရရဲ့နည်းမျိုးစုံနဲ့ ဖိနှိပ်ရက်စက်မှု အောက်မှာ နင်းပြားအဖြစ်နဲ့ အရှင် လတ်လတ် ငရဲ ခံနေရပြီး လူဖြစ်ရှုံးတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ ဒါကြောင့် ဆုံးဖြတ်ချက် မမှားကြဖို့ အရေးကြီးတယ်ဆိုတာ သိစေချင်တယ်။

မိမိတို့ဆန္ဒအတိုင်း ကန့်ကွက် ဆန္ဒမဲပေးတာကို ဘယ်လိုဥပဒေနဲ့မှ အရေးယူလို့ မရပါဘူး။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်- ၁၂ မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့်ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ ဆင်းသက်ရမည်။ အစိုးရသည် ပြည်သူလူထု၏ သဘောထား ဆန္ဒအပေါ် အခြေခံရမည်" ဟုဖော်ပြထားပါတယ်။ ဒါကြောင့်မဲရုံကိုသွားကြပါ။ “အမှန်တရားအတွက် ကြက်ခြေခတ်” ပြီးကန့်ကွက် ဆန္ဒမဲကို ရဲရဲကြီးပေးလိုက်ကြပါလို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။

မင်းသိန်းကျော်

Read more...

Friday, May 2, 2008

ပိုက်ဆံ ချေးမိရာမှ အသက်အန္တရယ်ကြုံခဲ့ ရတဲ့အဖြစ်


နန့်ခဲ ကျေးရွာမှာ ကျွန်တော် ရေလုပ်ငန်း အလုပ်လုပ်ကိုင်နေတာ တစ်နှစ်ခန့်ရှိနေပါပြီ။ ကျွန်တော် အစဉ်ပြေစွာ အလုပ်လုပ်ကိုင်နေထိုင်နိုင်တယ်။ ကျုံဖော်ကလှေတွေ ရောက်လာတယ် ငါးဆရာနဲ့ စကားများ ကြပြီး လှေသားတစ်ချို့ ကိုငါးဆရာမှ သေနတ်နဲ့ချိန်ထားတဲ့ အတွက် ကြောက်ပြီး လှေကျန်ခဲ့တယ်။ ကျွန်တော့် ဆီကို (ကိုဇော်+ကုလားလေးဆိုသူတို့) လာရောက်အကူအညီတောင်းကြတယ်။ ကျွန်တော်က ရခိုင် သားခြင်း ဆိုတဲ့ အသိနဲ့ကူညီပေးခဲ့တယ်။ ကျွန်တော့် အခန်းကိုခေါ်ဆောင်လာခဲ့ပြီး ကျွန်တော်နဲ့ တစ်ခန်းထဲနေ နိုင်နိုင်မိုး ခေါ် ငကျာ နဲ့ က ရခိုင်(မာန်အောင်) မှာ ကျောင်းနေဘက်တွေ ဖြစ်ကြတော့ပိုအစဉ်ပြေသွားတယ်။ နန်ယွန်မှာ ကျန်ခဲ့တဲ့(ကိုဇော်) မယားကို ခေါ်ခြင်တယ် ဆို၍ ငကျားနဲ့ တိုင်ပင်၍ ခေါ် ခိုင်းလိုက်တယ်။ ပွဲစားနဲ့သူ့မိန်းမ ရောက်လာတဲ့ အချိန်မှာ ပွဲစားခအဖြစ် (၁၇၀၀) မနက်ဖြန်ပေးမည်ဟု ဆို၍ ကျွန်တော် ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် တစ်လ ပြည့်ခါနီး အချိန်ထိ နိုင်နိုင်မိုး(ငကျာ) ဘက်မှ မသိသလိုနေခဲ့၍ ပြန်တောင်းတဲ့အခါ စကားများကြတယ်။

ကျွန်တော့်ကို (ကုလားလေးအတွက်) ငကျာမှ လှေတစ်စင်းရှာခိုင်းတယ်။ ကျွန်တော်က ကုလားလေး နဲ့တွေ့ပြီး ရှာပေးရတာ အကြောင်းမဟုတ် အထွက် စားရိတ်ယူပြီး ပြေးသွားရင် ငါ့ဆီယေရူ လိုက်လာလိမ့်မယ်။ အကြောင်းအရင်းကို ပြောပြနေတဲ့အချိန်မှာ ငကျာက၀င်လာပြီး ကြားသွားတဲ့အတွက် လူမှုရေးမရှိဘူး ဟုပြောတယ်။ ကျွန်တော်ကလည်း လူမှုရေးမရှိတာမင်းလား ငါလားဟု အပြန်အလှန်ပြောကြ တယ်။ လူမှုရေးမရှိ ဘူးဆိုရင် မင်းသူငယ်ချင်းကို အခန်းကိုခေါ်လာစရာ လည်းမလိုဘူး။ မင်းသူငယ်ချင်းမိန်းမ ကိုလည်း ငါပွဲစားခ ထုတ်ပေးစရာမလိုဘူးဟု ပြန်လှန်ပြောဆိုပြီး။ အသိရှိတဲ့ ၀က်ခြံကို သွားအိပ်လိုက်တယ်။
ငကျာရဲ့ အစ်ကို ချာလီက ၀က်ခြံကို မြင့်မြင့်ရောက်လားဆိုပြီးလာမေးတယ်။ ရိုးရိုးသားသား ထင်ပြီးမရောက်လာဘူး ဟုပြန်ဖြေလိုက်တယ်။ မအိပ်ခြင်သေးလို့ မှောက်လျက် နဲ့စာဖတ်နေချိန်မှာ ငကျာနဲ့ကုလားလေး ရောက်လာပြီး ဓားနဲ့နောက်ကျောကို ထိုးတယ်၊ ကျွန်တော်လှည့်အကြည့်မှာ မျက်နှာကို လက်သီးနဲ့ ဆင့်ထိုးတယ်။ ကျွန်တော်လည်း အားစိုက်ပြီးရှုန်းတယ်။ ကုလားလေးကတော့ ကြောင်ပြီးကြည့်နေ တယ်။ ရှုန်းရင်းဆန်ခတ်ဖြစ်ပြီး လွတ်သွားတဲ့အချိန်မှာ ကျွန်တော်ထွက်ပြေးခဲ့ရတယ်။ လမ်းမှာ ရှမ်းအဖိုးကြီး တစ်ယောက် ကဘာဖြစ်လာလည်း မေးလို့။ ဓားနဲ့လိုက်ထိုးလို့ပြေးလာကြောင်းပြောပြတယ်။ ဗမာလားရှမ်းလား မေးတော့ ဗမာလို့ဖြေတဲ့အခါမှာ ရှမ်းရဲကို ဖုန်းဆက်ပြီး ခေါ်လိုက်တယ်။ ရဲရောက်လာပြီး ရန်ဖြစ်တဲ့ ၀က်ခြံကိုလိုက်လာခဲ့တယ်။ သူတို့ ထွက်ပြေးသွားလို့ ၀က်ခြံမှာ ဘယ်သူမှ မရှိတော့ဘူး။ ကျွန်တော်ကျန်ခဲ့တဲ့ ပိုက်ဆံရယ် ဖုန်းရယ် ယူပြီးပြေးသွားတယ်။
ကျွန်တော့်ကို ညတွင်းခြင်းပဲ ရဲက ဆေးရုံကားခေါ်ပြီး ဆေးရုံကို ပို့ပေးခဲ့တယ်။ ဆေးရုံမှာ ကျွန်တော် တစ်ရက်လောက် ကြာခဲ့တယ်။ နောက်ကျောမှာ နှစ်ချက်နဲ့ မျက်ခုံး နှစ်ခုကြားမှာ ခြောက်ချက်၊ မျက်လုံးအောက် ပါးပြင်မှာ တစ်ချက် အားလုံး ၉ချက်ချုပ်ခဲ့ရတယ်။ ကံကောင်းလို့ လူမသေပေ မယ့်။ ဒဏ်ရာအမာရွတ် အဖြစ် မျက်နှာမှာကော နှလုံးသားမှာပါကျန်ခဲ့တယ်။
ရခိုင်သားခြင်းဆိုပြီးအကူအညီ ပေးလိုက်လို့ ဒုက္ခရောက်သွားတဲ့ ရခိုင်သားတွေ အများကြီး ထဲမှာ နန့်ခဲက ၀တုတ်တစ်ယောက်လည်းပါတယ်။

ရမ်းဗြဲသားလေး

ချင်းပျံ

(သူ့အဖြစ်အပျက်လေးကို သူကိုယ်တိုင်ရေးပေးထားတာပါ)
(ဓာတ်ပုံများကိုတော့ လုပ်ဖော်ကိုင်ဖက် Southern Migrant ဆီကယူပါတယ်။)


Read more...

Tuesday, April 22, 2008

"သေနှင့်ကြ"


"သေနှင့်ကြ"


သေပြန်ပြီ......
သေပြန်ပြီ......
အခုမှတို့လူမျိုးတွေ
သေမထူး နေမထူး ဘ၀ရောက်ကုန်ပြီ...
လေငတ်ပြီး သေ.....
မြေငတ်ပြီး သေ......
အစာငတ်ပြီး သေ....
သေနှင့်ကြ..... သေနှင့်ကြ....

Read more...

မြန်မာနိုင်ငံသား(၃)ဦး ရေနစ်သေဆုံး

မြန်မာနိုင်ငံသား(၃)ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူကတ်မြို့တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရဲများ ၀င်ရောက် ဖမ်းဆီးမှု ကြောင့် ထွက်ပြေးကြသည့် မြန်မာအလုပ်သမားများထဲမှ (၃) ဦး ရေနစ် သေဆုံးခဲ့သည်။

ရဲများက ဖူကတ်မြို့ပြင် မိုင်ခေါင်-မလိအောရပ်ကွက်ရှိ Sinna Thorn ဆောက်လုပ်ရေးဝင်းသို့ ညနေ (၅) နာရီခွဲခန့်တွင် ၀င်ရောက်လာရာ မြန်မာအလုပ်သမားများက အနီးရှိ ရေကန်ကြီးထဲရှိ ကျွန်းစုသို့ ရေကူးထွက်ပြေးကြရာတွင် သေဆုံးကြခြင်းဖြစ်သည်။

သေဆုံးသူများမှာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သဲတောကျေးရွာမှ ညီအစ်ကိုများဖြစ်ကြသည့် မျိုးဇော်ဦး (၂၅) နှစ်နှင့် ဖြိုးဖြိုးအောင် (၂၃) နှစ်တို့အပါအ၀င် အသက် (၂၅) နှစ်အရွယ် အမည် မသိတဦးတို့ ဖြစ်ကြပြီး (၂၇) ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

အလောင်းများ သင်္ဂြိုဟ်ခွင့်ရရေး ကူညီပေးနေသည့် ကိုသန့်ဇင်ဦးက “ကူးပြေးကြတော့ နစ်ကြ
တာ။ ဆယ်တဲ့သူလည်းဆယ်၊ လွတ်တဲ့သူလည်း လွတ်ပေါ့။ ဒါပေမယ့်လို့ ပုလိပ်တွေကလည်း ကန်ဘောင်မှာ ရပ်စောင့်ပြီး ဖမ်းနေတော့ ပြေးကြပြီပေါ့။ ကျန်ခဲ့တဲ့ လူကျတော့ ပုလိပ်ဖမ်းသွား ပြီပေါ့။ အဲဒီမှာ စကားပြန်ကလည်းမရှိ၊ ရေနစ်ပြီး သေသွားတာကို ကိုယ့်လူတွေကလည်း
ဘယ်သူမှ မသိဘူးပေါ့၊ ပျောက်တော့ လိုက်ရှာကြတယ်။ မနေ့က နေ့လယ် (၁၁) နာရီလောက်မှ အလောင်း ပေါ်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၉) ရက်က မြန်မာလူမျိုး (၅၄) ဦး ဖူကတ်မြို့သို့အသွား ကားပေါ်တွင် အသက် ရှူမွန်းကျပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဖူကတ်တွင် ထိုင်း၊ မြန်မာ လူကယ်ရီများနှင့် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများကို အာဏာပိုင်များက လိုက်လံဖမ်းဆီးနေချိန်တွင် တရားမ၀င် အလုပ်သမား များကိုပါ တပြိုင်တည်း ဖမ်းဆီးခြင်းဖြစ်သည်။

ဖူးကတ်ရှိ မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက “ထိုင်းပွဲစားတွေကိုတော့ အများစုဖမ်းတယ်။ ကျနော်သိသလောက်က ဗမာတွေထဲကလည်း နာမည်မကြီးတဲ့ (၂) ယောက်၊ (၃) ယောက် လောက် အဖမ်းခံရတယ်။ အဲလို ဖမ်းရာကနေပြီး ဘန်ကောက်က စစ်ဆင်ရေးအနေနဲ့ ဆင်းလာ
တဲ့ ရဲတပ်ဖွဲ့က အလုပ်သမား ဆိုက်တွေပါ လိုက်ဖမ်းတယ်။ ဘတ်ရှိတဲ့သူရော၊ မရှိတဲ့သူပါ သိမ်း ကျုံးဖမ်းတယ်” ဟု ပြောသည်။

သေဆုံးသွားသူများ အလောင်းကို ရဲတပ်ဖွဲ့မှ ယနေ့ နေ့လယ်တွင် ထလမ်ဒေသရှိ ဘုန်းကြီး ကျောင်းတကျောင်းတွင် အကျဉ်းချုံး သင်္ဂြိုဟ်လိုက်သည်။

သင်္ဂြိုဟ်ရာသို့ လိုက်ပါသွားသည့် မြန်မာအလုပ်သမားများကိုလည်း လမ်းတွင်ဖမ်းဆီးသဖြင့် လွတ်မြောက်ရန်အတွက် ငွေပေးခဲ့ကြရကြောင်း ပြန်လွတ်လာသူများထဲမှ တဦးက ပြောသည်။

မြန်မာ (၅၄) ဦးသေဆုံးသွားပြီး နောက်ပိုင်းတွင် ထိုင်းအစိုးရက မြန်မာစစ်အစိုးရနှင့် တိုးမြှင့် လုပ်ဆောင်ရန် ကမ်းလှမ်းချက်အပေါ် ထိုင်းနိုင်ငံ တောင်ပိုင်းမှ မြန်မာအလုပ်သမား အသိုင်း
အ၀န်းကြား နအဖစစ်ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့တို့ကပါ ၀င်ရောက် ဖမ်းဆီးမည်ဟု ကောလာ ဟလများ ထွက်ပေါ်နေကြောင်း သိရသည်။ ။

Source

Read more...

Monday, April 14, 2008

နောက်ဆက်တွဲသတင်းများ

ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းဒေသတွင် ဖြစ်ပွားခဲ့သော မြန်မာအလုပ်သမားများ၏ နောက်ဆက်တွဲသတင်းများ
- ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာအလုပ်သမားများ ဓာတ်ပုံသတင်း မိုးမခ
- ထိုင်းတောင်ပိုင်း၌ သေဆုံးရသည့် မြန်မာအလောင်းများကို မြန်မာအာဏာပိုင်က လက်မခံ ဗွီအိုအေ
- သေဆုံးသူများကို မြှပ်နှံထားရှိသော သုဿန်နေရာ ဓာတ်ပုံ

Read more...

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP