Monday, October 15, 2007

အင်ပါယာပြည့်ရှင်သမ္မတ မဟုတ်၊ ၀ိတ်ဆတူ

သမိုင်းတွင် အမေရိကန်သည် စစ်ပွဲအမျိုးမျိုးတို့တွင် ပါဝင်ပတ်သက်ခဲ့ ဖူးသည်။ သမ္မတကစစ်တိုက်တိုင်း အမေရိကားတွင် ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ခဲ့တာချည်းဖြစ်သည်။ ဆန့်ကျင်ကန့်ကွက်မှု တို့မရှိဘဲ အမေရိကားကစစ် ခင်းခဲ့ရသည်ဟူ၍ မရှိဘူးပေ။ ယခုအီရတ်စစ် ကိစ္စတွင်လည်းဆန့်ကျင်ကန့် ကွက်မှုတို့ဖြင့်ကြုံတွေ့ရသည်။ ဤအချက်ကိုပင် ဂုဏ်ယူသည်။
အမေရိကန်ဝတ္တုရေး ဆရာကြီး မတ်(က်) တွိုင်သည် အမေရိကန်အလံ ကို ပြင်ပစ်ခိုင်းသည်။ လက်ရှိအဖြူစင်းတို့အား အမဲစင်းတွေရေးဆွဲထည့်ခိုင်း သည်။ ကြယ်ပွင့်လေးတွေအစား လူ့ဦးခေါင်းခွံနှင့် အရိုးတွေထည့်ရန် တိုက်တွန်း သည်။ သူကန့်ကွက်သော စစ်ပွဲမှာ အမေရိကန်နှင့် စပိန်တို့ ဆင်နွှဲ သော စစ်ပွဲဖြစ်သည်။
ဤအမေရိကန်စစ်ပွဲကိုပင် အမေရိကန်ထိပ်သီး ဒဿနပညာရှင် ကြီး ၀ီလျှံဂျိမ်း(စ်)ကလည်း ကန့်ကွက်ဆန့်ကျင်သည်။ ၀ီလျှံဂျိမ်း(စ်)ကသူ ဘာကြောင့် ကန့်ကွက်ရသနည်း ဆိုသည့်အကြောင်းကိုလည်း ရှင်းပြသည်။ "စစ်သည် ကာလကြာရှည်စွာ ကျွန်ုပ်တို့၏ ဂုဏ်သရေကို ညှိုးနွမ်းစေသည်။ ကိုယ့်ကိုလည်းလိမ်ရသည်။ ညာရသည် " ဟုရေးသည်။
ဗီယက်နန်စစ်ပွဲ၌ အမေရိကန်တွင် စစ်ဆန့်ကျင်ရေးအပြင်းအထန်ဆုံး ဖြစ်ခဲ့သည်။ ယခုအီရတ် စစ်ပွဲ၌လည်းစစ်ဆန့်ကျင်ရေးကန့်ကွက် မှုများရှိခဲ့ သည်။ ဤတွင် ရှေးဦးပထမ ဥပဒေပြဿနာတစ်ရပ်ကို ဖော်ထုတ်ဆွေးနွေး သည်။



အင်ပါယာပြည့်ရှင်လား
စစ်ပွဲသည် အခြေခံဥပဒေပါလူ့အခွင့်အရေးတို့ကို လွှမ်းမိုးသလောဟူ သော အချက်ဖြစ်သည်။ ဤအချက်အတွက် သာဓကတစ်ခု ထင်ထင်ရှားရှား ပေါ်လာသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ရှိ ကျောင်းတို့တွင် အမေရိကန် အလံလွှင့်ထူပြီး ကျောင်းတက်ကျောင်းဆင်းချိန်တို့၌ အလံကို အလေးပြုပြီး သစ္စာဆိုရမည်ဖြစ်သည်။
ဤဥပဒေအကြမ်းကို အမေရိကန်တရားလွှတ်တော်ချုပ်က အခြေခံ ဥပဒေနှင့်မညီညွှတ်ဟုဆိုကာ ပယ်ချလိုက်သည်။ အကြောင်းပြပုံကရှင်းသည်။ စစ်သည်အခြေခံဥပဒေပါ လွတ်လပ်စွာယုံကြည်ခွင့်၊ သဘောထားကွဲလွဲခွင့်တို့ ကို မဖျက်သိမ်းမလွှမ်းမိုးဟု စီရင်လိုက်သည်။ စစ်ကာလဆိုပြီး လူ့အခွင့်အရေး တို့ကိုမချုပ်ချယ်ရပေ။
ထို့အပြင် ယခုအီရတ်စစ်ပွဲ ကိစ္စကို အခြေခံပြီး အမေရိကန်သမ္မတ စနစ်သည် အင်ပါယာပြည့်ရှင် သမ္မတစနစ် လားဟု မေးခွန်းထုတ်ကြည့်ခြင်း လည်းရှိလာသည်။ အင်ပါယာပြည့်ရှင် စနစ်၌တိုင်းသူပြည်သား လူအများတို့ သည် မင်းတြားကြီးကိုစစ်အကြောင်း ဝေဖန်ဆွေးနွေး ပြောဆိုဖို့နေနေသာသာ မော်လို့ပင်မဖူးရပေ။ စစ်တိုက်နေသော ပြည့်ရှင်မင်းကြီးကို စစ်အကြောင်း ဝေဖန်ဆွေးနွေးတင်ပြရန် အခွင့်အရေးမရှိပေ။ တင်လည်းမတင်ပြရဲကြ။ ဘုရင့်စစ်ပွဲကို"မှန်လှပါဘုရား″ လုပ်ရုံပင်ဖြစ်သည်။ ဘုရင်နှင့်ပြည်သူ ၀ိတ်ချင်း မတူပေ။
အမေရိကန် သမ္မတစနစ်သည် အင်ပါယာပြည့်ရှင် သမ္မတစနစ်မဟုတ် ပေ။ သမ္မတက ဘ၀ရှင်မင်းတြားကြီးလို ပြုမူဆက်ဆံခွင့် မရှိပေ။ သမ္မတကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထား သည်ဖြစ်၍ သမ္မတသည် ပြည်သူလူထုထက်ဝိတ်မပိုရပေ။ သမ္မတနှင့်ပြည်သူလူထုသည်ဝိတ်ချင်း ဆတူ ဖြစ်သည်။
ကျိုးကြောင်းရှင်း
အခြားပြဿနာတို့၌ သမ္မတနှင့်ပြည်သူ တို့ဝိတ်တူမကစားချင်စေကာမူ၊ လူတိုင်းအတွက်ရော တိုင်းပြည်တစ်ပြည်လုံးအတွက်ပါသေရေးရှင်ရေးတမျှအရေးကြီးသော စစ်နှင့် ငြိမ်းချမ်းရေး ပြဿနာတို့တွင်မူ လူထုကသမ္မတနှင့်ဝိတ်ခြင်းညှိကစားလိုသည် မှာသဘာဝကျသည်။ ဥပဒေကလည်းခွင့်ပြုသည်။ ဒီမိုကရေစီ အိုင်ဒီအိုလိုဂျီ အရလည်း သင့်မြတ်သည်။
သမ္မတကလည်း ၀ိတ်တူပြောဆိုလိုသော အသံတို့ ကို နားစွင့်ရသည်။ စစ်အတွက် မိမိဆောင်ရွက် မှုအ၀၀တို့ကို တာဝန်ယူရသည်။ ပြည်သူကိုရှင်းပြ ရမည်။ ပြည်သူတို့၏ ဝေဖန်မှုကို တန်ဖိုးထားရမည်။ သို့သော်မကြာသေးမီက အယူအဆတစ်မျိုးပေါ်လာသည်။ စစ်ဖြစ်ရန် အချိန်နီးလာပြီဟု ဆိုလျှင် စစ်နှင့်ပါတ်သတ်သော အချေအတင်ဆွေးနွေးမှုတို့ကို ခေတ္တရပ်ဆိုင်းထားသင့် သည်။ မျိုးချစ်စိတ်ဓာတ်ဖြင့် စစ်ဆင်နွှဲမည့် ခေါင်းဆောင်၏ နောက်သို့ ဦးလည် မသုန်လိုက်သင့်သည်။တစ်နိုင်ငံလုံး တစ်သံတည်းထွက်ပြီး သမ္မတ ခေါင်း ဆောင် ရာသို့ လိုက်သင့်သည်။ ဤကဲ့သို့မဟုတ်ဘဲ သမ္မတနှင့် ဆတူဝိတ်ရှိ သည်ဟုယူဆပြီး ကန့်ကွက်နေကြလျှင်၊ သမ္မတကိုဘာအတွက် ရွေးကောက် တင် မြှောက်ထားပါသနည်း။
ဤအယူအဆသည်စစ်မဖြစ်မီ နှင့်စစ်ကာလအတွင်း၌၊ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံသည် အစိုးရ၏ စစ်ဆင်နွှဲခြင်းကို ကျင့်ဝတ်သီလ တရားအရ၊ ထောက်ခံရန် တာဝန်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤအချက်ကို အထက်တွင် ဖော်ပြထားသကဲ့သို့ အမေရိကန်တရားလွှတ်တော်ချုပ်က ပယ်ချထားပြီး ဖြစ်သည်။ လူအများထောက်ခံမှုရရန်၊ စစ်ဆင်နွှဲသော အစိုးရက။ ကျိုးကြောင်းမျှတစွာရှင်းပြနိုင်ရမည်။

လေးနက်စစ်ဆေးမှု
ယခုအီရတ်စစ်ပွဲကိစ္စနှင့်ပါတ်သက်ပြီး ထောက်လှမ်းရေး သတင်းအမှား တို့ကိုပုံကြီးချဲ့အသုံးပြုမိ၍ အမေရိကန်သမ္မတ ဘု(ရှ်) ကော ဗြိတိသျှ ၀န်ကြီးချုပ် ဘလဲတို့်ပါပြင်းပြင်းထန်ထန် စစ်ဆေးဝေဖန်ခံနေရသည်။ အီရတ်စစ်ပွဲ မပြီးသေး၍ ဤဝေဖန်စစ်ကြောမှုတို့ကို ခေတ္တရပ်ဆိုင်းထားသင့် ပါသည်ဟု သမ္မတနှင့်ဝန်ကြီးချုပ်တို့ဘက်ကပြော၍ မရပေ။
သို့ဖြင့်သင်ခန်းစာလို့ခေါ်ခေါ်၊အစဉ်အလာလို့ခေါ်ခေါ်၊ အရေးကြီးသော သမိုင်းအချက် ၏အချက်တစ်ချက်က ပေါ်လာသည်။ ယင်းအချက်မှာ ၂၁ရာစုနှစ် စစ်ပွဲတို့သည်လေးနက်သော စစ်ဆေးစုံစမ်းမှုကို မခံယူဘဲ စစ်ပွဲ တွေ ဆင်နွှဲလို့မရဟူသော အချက်ဖြစ်သည်။
ဤကား ပထမအချက်ဖြစ်သည်။ ဒုတိယအချက်လည်းရှိသေးသည်။ ဒီမိုကရေစီ နိုင်ငံအနေဖြင့် စစ်အကြောင်း တစ်မျိုးသားလုံးအချေအတင် ဆွေးနွေးမှုမရှိဘဲ စစ်တိုက်လို့မရဆိုသော အချက်ဖြစ်သည်။
သမ္မတစနစ်သည် အင်ပါယာပြည့်ရှင်သမ္မတစနစ် မဟုတ်ပါဟု သဘောပေါက်လက်ခံသည်နှင့်၊ ခေတ်သစ်စစ်ပွဲတို့ကို ဘယ်လိုဆင်နွှဲရမည်၊ ဘယ်လို စိန်ခေါ်မှုတို့နှင့် တွေ့ကြုံရမည်တို့ကိုကြိုတင် မှန်းဆနိုင်ကြဖွယ် ရှိသည်။
ဦးချမ်းအေး
စပါယ်ဖြူမဂ္ဂဇင်းမှ

Seja o primeiro a comentar

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP