Saturday, May 3, 2008

“အမှန်တရား အတွက် ကြက်ခြေခတ်”


မြန်မာပြည်သူ လူထု အတွက်တော့ ရယ်စရာများ ဖြစ်နေမလား မသိဘူး။ဆောင်းပါး ခေါင်းစဉ်ကိုက“အမှန်တရား အတွက် ကြက်ခြေခတ်”တဲ့။ မြန်မာ တစ်နိုင်ငံလုံးမှာ အသုံးပြု နေတဲ့ အမှန်တရား အတွက် အမှတ်အသားက အမှန်ခြစ်တဲ့ လက္ခဏာ(√) ကိုပဲ အသုံးပြု ကြပါတယ်။ အခုဟာက ကြက်ခြေခတ် လက္ခဏာ(Χ) ကိုအသုံးပြုမယ်ဆိုတော့ ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။ မှန်ပါတယ်။ အဲဒီ ထူးဆန်းတာကိုက မြန်မာ တစ်မျိုးသားလုံးအတွက် အဓိပ္ပာယ်ရှိမယ့် ထူးခြားချက်ပဲ။


အကြောင်းရင်းက လာမယ့် မေလ(၁၀)ရက်နေ့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့ န အ ဖ က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အဲဒီဆန္ဒခံယူပွဲဟာ မြန်မာ့နိုင်ငံရေး မြင်ကွင်းကို အကြီးအကျယ် ပြောင်းလဲပစ်နိုင်တဲ့ အခြေအနေ တစ်ရပ်ဖြစ်တာကြောင့် ပြည်သုလူထု အနေနဲ့ မိမိတို့ ဆန္ဒအမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ဆန္ဒခံယူမဲ့ အခြေခံ ဥပဒေ မူကြမ်းဟာ ပြည်သူတွေ ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲထားတာ မဟုတ်ပဲ စစ်အစိုးရက သူ့အလိုကျ သူ့စိတ်ကြိုက် သူဖန်တီးလို့ရအောင် ရေးဆွဲထားတဲ့ မူကြမ်းဖြစ်ပါတယ်။ဒါကြောင့် ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။


မြန်မာနိုင်ငံတော်ကြီးကို စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင် ပို့ဆောင် နိုင်ဖို့ရာ ဆန္ဒခံယူပွဲမှာ ဆန္ဒမဲ ပေးခွင့်ရှိသူ ပြည်သူလူထုတွေ အနေနဲ့ မိမိတို့ ပေးရမယ့် မဲတစ်ပြားကို တန်ဖိုးရှိရှိ အသုံး ချတတ်ဖို့ အရမ်း အရေးကြီးပါတယ်။ဒါကြောင့် စစ်မှန်တဲ့ အမှန်တရားအတွက် ဒါမှမဟုတ် အမှန်တရား ရရှိ ဖို့ အတွက် ဥပဒေ မူကြမ်းကို မထောက်ခံပဲ ကန့်ကွက်တဲ့ ကြက်ခြေခတ် (Χ) လက္ခဏာကို စွဲစိတ်မှတ်လို့ အမြဲ မမှားအောင် အသည်းကြားက မဲတစ်ပြားကို ကွဲကွဲပြားပြား ထည့်ပေးကြဖို့ အထူး လိုအပ်လှပါတယ်။ န အ ဖ က ရေးဆွဲတဲ့ နိုင်ငံတော် ဖျက်ဆီးပုံ အခြေမမှန် ဥပဒေဟာ တိုင်းပြည်ကို ဖျက်ဆီးဖို့၊ တိုင်းသူပြည်သား တွေကို အသေခံပေးဖို့နဲ့ သာသနာတော်ကို ခုတုံးလုပ်ဖို့၊အချိန် အတိုင်းအတာ မရှိ စစ်အာဏာရှင်တွေ ဗိုလ်ကျစိုးမိုးနိုင်ဖို့ အတွက် စံနစ်တကျ စီမံရေးဆွဲထားတဲ့ လူသတ် ဥပဒေသာဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့ စစ်အစိုးရက ဦးစီးပြီး ပြုလုပ်မယ့် မေလ လူထုဆန္ဒ ခံယူပွဲနဲ့ စစ်အာဏာရှင်တွေရဲ့လုပ်ရပ်အားလုံးကို လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း ပြသဖို့ လိုအပ် နေပါပြီ။ တစ်နည်းပြောရရင် “အမှန်တရား အတွက် ကြက်ခြေခတ်” ဖို့လိုအပ်နေပါပြီ။ ဒါဟာ “အနာဂါတ် မြန်မာပြည်အတွက်ရော မိမိတို့အတွက်ပါ ဂုဏ်မြောက်မယ့် ဂုဏ်မြောက်တဲ့ လုပ်ရပ်အဖြစ် ယုံကြည်လက်ခံ ရမှာဖြစ်ပါတယ်။”

ဒီနေရာမှာ တစ်ခု သတိပေးချင်တာက ဆန္ဒမဲ ပေးသူတွေ အနေနဲ့ မိမိတို့ ရရှိတဲ့အခွင့်အရေးကို အကျိုးရှိရှိ အသုံးပြုတတ်ဖို့နဲ့ စိတ်မှာ ဒွိဟ မဖြစ်ပဲ ပြတ်သားဖို့လိုပါတယ်။မိမိတို့ရဲ့ဆန္ဒအမှန်ကို သတ္တိရှိရှိ ဖော်ထုတ်ရဲရ မယ်။ ဘယ်သူမှ ကြောက်စရာ မလိုဘူး။မပြတ်သားပဲ ကြောက်နေရင် ဒါမှမဟုတ် ကြားနေရင် သာ ပြဿနာ အကြီးအကျယ်ရှိတာ။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပေးရမယ့် မဲတစ်ပြားဟာ ရွေးချယ်မှု မှားခဲ့ ရင် ဒါမှမဟုတ် အလဟဿ ဆုံးရှုံးသွားရင် တိုင်းးသူပြည်သားတွေဟာ လက်ရှိ အခြေအနေထက် ဆိုးရွားတဲ့ အဖြစ်နဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်။ စစ်အစိုးရရဲ့နည်းမျိုးစုံနဲ့ ဖိနှိပ်ရက်စက်မှု အောက်မှာ နင်းပြားအဖြစ်နဲ့ အရှင် လတ်လတ် ငရဲ ခံနေရပြီး လူဖြစ်ရှုံးတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်။ ဒါကြောင့် ဆုံးဖြတ်ချက် မမှားကြဖို့ အရေးကြီးတယ်ဆိုတာ သိစေချင်တယ်။

မိမိတို့ဆန္ဒအတိုင်း ကန့်ကွက် ဆန္ဒမဲပေးတာကို ဘယ်လိုဥပဒေနဲ့မှ အရေးယူလို့ မရပါဘူး။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်- ၁၂ မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့်ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ ဆင်းသက်ရမည်။ အစိုးရသည် ပြည်သူလူထု၏ သဘောထား ဆန္ဒအပေါ် အခြေခံရမည်" ဟုဖော်ပြထားပါတယ်။ ဒါကြောင့်မဲရုံကိုသွားကြပါ။ “အမှန်တရားအတွက် ကြက်ခြေခတ်” ပြီးကန့်ကွက် ဆန္ဒမဲကို ရဲရဲကြီးပေးလိုက်ကြပါလို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။

မင်းသိန်းကျော်

1 Comentário:

Unknown said...

ကြက်ခြေခတ်တိုင်းတော့ အမှန်တရားလို့ ပြောလို့မရသလို ... အမှန်ခြစ်တိုင်းလည်း အမှားတွေပါလို့ ပြောလို့ မရဘူးထင်ပါရဲ့ဗျာ ..
အကောင်းဆုံးကတော့ အခြေခံဥပဒေကို သေချာဖတ်ပြီးမှ ကိုယ်ကြိုက်တာ ပေးပေါ့...။
ကျုပ်အမြင်ကတော့ သာမန်ပြည်သူတွေအတွက်ကတော့ ဖွဲ့စည်းပုံခြေခံဥပဒေမှာ မကြိုက်စရာ ဘာမှ မ၇ှိပါဘူဗျာ ..။ နိုင်ငံရေးသမားတွေနဲ့ NLD အတွက်ပဲ မကြိုက်စရာဖြစ်မယ်ထင်တာပါပဲ .. ။

ဘလော့ (ခေတ္တ​-မော်စကိုမြို့)

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP