Thursday, July 24, 2008

ပင်လယ်ထဲမှ ဘ၀များ (၀ါးတန်းလှေ).....

ပင်လယ်ထဲ မှ ဘ၀များ (၀ါးတန်းလှေ) . . . .

ငါးဖမ်းလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိကစီးပွါးရေးလုပ်ငန်းတစ်ခု ဖြစ်သကဲ့သို့ ထိုလုပ်ငန်း တွင်အဓိက လုပ်ကိုင်နေသော လုပ်သားအများစုမှာလည်း မြန်မာ အလုပ်သမားများ ဖြစ်ကြပါ သည်။ ကြမ်းတမ်းခက်ခဲသည့် လုပ်ငန်းတစ်ခု ဖြစ်သည့် အလျောက် အန္တရာယ်အလွန်များသော လုပ်ငန်းလည်းဖြစ်ပါသည်။

ငါးဖမ်းလှေအမျိုးအစား အများအပြား ရှိသည့်အနက် မြန်မာအလုပ်သမားများ အများဆုံး လုပ်ကိုင်ကြသော လှေအမျိုးအစားများမှာ ၎င်းတို့အခေါ် ၀ါးတန်းလှေနှင့် ၀ါးလက်လှေ နှစ်မျိုးသာ ဖြစ်ပါသည်။

ဝါးတန်းလှေ ဆိုသည်မှာ ပင်လယ်ထဲသို့ တစ်နေ့တစ်ကြိမ် ပုံမှန် ထွက်ပြီး ငါးဖမ်းသော လှေမျိုးဖြစ်သည်။ လှေအရွယ်အစားပေါ်တွင် မူတည်ပြီး ငါးဖမ်းလှေ တစ်စီးလျှင် အလုပ်သမားအင်အား သုံးဆယ်မှ ငါးဆယ်၊ ခြောက်ဆယ် အထိ ရှိကြ သည်။ ငါးဖမ်းမည့်နေရာ ပင်လယ်ထဲသို့ နေ့လည်ပိုင်းမှ စတင်ထွက်ခွါကာ ညပိုင်း တစ်ချို့ ရှစ်နာရီ၊ တစ်ချို့ ဆယ်နာရီ တစ်ချို့ ဆယ့်တစ်နာရီမှ စတင်ပြီး ငါးဖမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကြသည်။




ဝါးတန်းလှေများသည် ငါးဖမ်းခြင်းကို စတင်ဆောင်ရွက်ရာ၌ ပထမဦးဆုံး အနေဖြင့် မိမိနှင့်သက်ဆိုင်သည့် မီးထွန်းလှေရှိရာသို့ စတင်ပြီး ဦးတည်မောင်းနှင် သွားရသည်။ မီးထွန်းလှေ ဆိုသည်မှာ စက်လှေအသေးစား တစ်မျိုးဖြစ်ပြီး အင်အားကောင်းသည့် မာကျူရီမီးလုံးများကို တပ်ဆင်ထားကာ ပင်လယ်ထဲတွင် ငြိမ်သက်စွာ ရပ်တန့်၍ မိမိနှင့်သက်ဆိုင်သည့် ၀ါးတန်းငါးဖမ်းလှေ လာရောက်ပြီး ငါးဖမ်းပိုက်ကို ပင်လယ်ထဲသို့ ၀ိုင်းပတ်ပြီး ချပေးသည်အထိ စောင့်ဆိုင်းရသည်။ ၎င်းသည် ပုံမှန်အားဖြင့် မီးအလင်းရောင်ကို အသုံးချကာ ပင်လယ်ထဲရှိ ငါးများကို ခေါ်ယူစုဆောင်းထားသည့် ပုံစံတစ်မျိုး ဖြစ်သည်။

ဝါးတန်းလှေအနေဖြင့် မိမိနှင့်သက်ဆိုင်သည့် မီးထွန်းလှေရှိရာသို့ ဦးတည် ခုတ်မောင်းပြီး မီးထွန်းလှေကို တွေ့သည့်အခါ ၎င်းမီးထွန်းလှေကို အလယ်တွင် ထား၍ ၀ါးတန်းလှေတွင် ပါရှိသည့် ငါးဖမ်းပိုက်ကြီးဖြင့် လှည့်ပတ်ဝိုင်းပတ်ပြီး ငါးဖမ်းပိုက်ကို ပင်လယ်ထဲသို့ ပစ်ချပြီးနောက် ၎င်းငါးဖမ်းပိုက်ကို လူအင်အားဖြင့် ပင်လယ်ထဲမှ ငါးဖမ်းလှေပေါ်သို့ ပြန်လည်ဆွဲတင်ပြီး ပိုက်အတွင်းသို့ ရောက်ရှိနေ သော ငါးများကို ဖမ်းယူခြင်းဖြစ်သည်။

ဝါးတန်းလှေ အနေဖြင့် ငါးဖမ်းခြင်းလုပ်ငန်း တစ်ကြိမ်လုပ်တိုင်း အလုပ်ချိန် ၁နာရီခွဲ မှ ၂ နာရီထိ ကြာမြင့်တတ်သည်။ မြန်မာ့ ရေလုပ်သားများအခေါ် တစ်စူး (တစ်ကြိမ်) ဟု ခေါ်သည်။ တစ်ညလျှင် သုံးစူး(သုံးကြိမ်) မှ ငါးစူး(ငါးကြိမ်) အထိ ငါးဖမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက် သည်။ လှေပိုင်ရှင်များ အနေဖြင့် သူတို့၏ သတ်မှတ်ချက် ပြည့်ဝသည့်အထိ ငါးဖမ်းယူခြင်းဖြစ် သည်။ အကြိမ်အရေအတွက် များလေလေ အလုပ်သမားများ ပင်ပန်းလေဖြစ်သည်။ လှေတစ်စီး လျှင် ထိုင်းလူမျိုး အလုပ်သမားခေါင်းဆောင် ငါးယောက်မှ ဆယ်ယောက်ထိ ပါရှိတတ်ပြီး ကျန်ရှိသည့် အလုပ်သမားများမှာ မြန်မာအလုပ်သမားများ ဖြစ်ကြသည်။

အလုပ်သမားများအနေဖြင့် တစ်နေ့လျှင် ပျမ်းမျှအလုပ်ချိန် တစ်ဆယ့် ရှစ်နာရီ မှ နာရီ နှစ်ဆယ်ထိ အလုပ်လုပ်ကိုင်ကြရသည်။ တစ်ရက်တာ အလုပ်ချိန်မှာ ဥပမာအားဖြင့် ညနေ ငါးနာရီ တွင် စတင်ထွက်ခွာသော လှေတစ်စီး အနေဖြင့် ငါးဖမ်းမည့်နေရာသို့ ညနေ ဆယ်နာရီဝန်းကျင် တွင်ရောက်ရှိပြီး ငါးဖမ်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်ပါက လှေတွင် ပါရှိသည့် အလုပ်သမား များ၏ အားလပ်ချိန်နှင့် အိပ်ချိန် စုစုပေါင်းမှာ ငါးနာရီသာရှိသည်။ ငါးစတင်ဖမ်းဆီးသည့် အချိန်မှ စ၍ တစ်ညလုံး ငါးဖမ်းခြင်း လုပ်ငန်းများကို အကြိမ်ကြိမ် လုပ်ဆောင်ကာ မနက်မိုးလင်း သည့် အချိန်မှသာ ပင်လယ်ထဲမှ ငါးဂိုဒေါင်များရှိရာ လှေဆိပ်သို့ ပြန်လည် ခုတ်မောင်းလာခြင်းဖြစ်သည်။ ငါးဂိုဒေါင်သို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင်လည်း အလုပ်သမားများအနေဖြင့် ငါးအမျိုး အစား ရွေးချယ်ခြင်း၊ ငါးဖမ်းပိုက်ကို ဆေးကြောပြီး သန့်စင်အောင် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ရပြီး ငါးဂိုဒေါင်သို့ ရောက်ရှိသည့်အခါ ငါးတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကာ ညနေ လေးနာရီ သို့မဟုတ် ငါးနာရီလောက်တွင် ငါးတင်ခြင်းအလုပ် ပြီးစီးသည်နှင့် တစ်ပြိုင်နက် ငါးဖမ်းလှေအတွက် လိုအပ်သည့် ဆီ၊ ရေ ၊ ရေခဲ များကို ပြန်လည်ဖြည့်ဆည့်ပြီး ပင်လယ်ထဲသို့ ပြန်လည်ထွက်ခွာကြသည်။ အလုပ်သမားများအနေဖြင့် အိပ်ချိန်နှင့် အနားယူရသည့်အချိန်မှာ ငါးဂိုဒေါင်လှေဆိပ်မှ ပင်လယ်ထဲရှိ မီးထွန်းလှေ ရှိရာသို့ ပြန်လည်ခုတ်မောင်းသည့် ကြားကြာချိန်သာ ဖြစ်သည်။

ကျွန်တော်က ပိုက်သီးကူးတဲ့ အလုပ်လုပ်တယ်။ လှေထွက်စရိတ် နှစ်ထောင့် ငါးရာ ရတယ်။ ပင်လယ်ထဲဆင်းပြီး တစ်ညလုံးနီးပါး ရေကူးနေရတာ ဆိုတော့ ပင်ပန်းတာကို ခံနိုင်ရည်ရှိရသလို အအေးဒဏ်ကိုလည်း ခံနိုင်ရတယ်။ ပိုက်ကြီး ထဲမှာ မြွေကြီးတွေနှင့် တွေ့မှာ ကို ကျွန်တော် အကြောက်ဆုံးပဲ။ မီးထွန်းလှေနား ကပ်တဲ့အချိန်ကျရင်လည်း အရမ်းသတိထားရ တယ်။လှေအလုပ်သမားဖြစ်သူ ထားဝယ်အမျိုးသားလေး မောင်သားကန်းမှ ပြောဆိုခြင်း ဖြစ်သည်။ မောင်သားကန်း မှာ အသက်တစ်ဆယ့်လေးနှစ်သာ ရှိသေးသည့် ကလေးအလုပ်သမား တစ်ဦး ဖြစ်သည်။ မောင်သားကန်းမှ သူ၏အတွေ့ အကြုံကို ပြောဆိုရာမှာ

ဝါးတန်း ငါးဖမ်းလှေတိုင်းမှာ ဒီပိုက်သီးကူးတဲ့ အလုပ်ကိုလုပ်တဲ့ အလုပ် သမားတွေအားလုံးဟာ ကျွန်တော်တို့လို ကလေးတွေပဲ။ လှေတစ်စီးဆိုရင် ကလေး အနည်းဆုံး နှစ်ယောက်ကနေ လေး၊ ငါးယောက်ထိ ပါရှိတယ်။ အသက်တစ်ဆယ့် နှစ်နှစ်နှင့် တစ်ဆယ့်ငါးနှစ်ကြားအရွယ် ကျွန်တော်တို့လိုပေါ့ဟု သားကန်းမှ ပြောဆိုသည်။

ပိုက်သီးကူးအလုပ် ဆိုသည်မှာ ၀ါးတန်းငါးဖမ်းလှေ အနေဖြင့် မီးထွန်းလှေကို အလယ်ဗဟိုတွင်ထားပြီး ငါးဖမ်းပိုက်ကို ပင်လယ်ထဲသို့ ပစ်ချပြီးနောက် အလုပ် သမားအင်အားဖြင့် ငါးဖမ်းပိုက်ကို ၀ါးတန်းလှေပေါ်သို့ ပြန်လည်ဆွဲတင်သည့်အခါ ပိုက်ကွန်၏အပေါ်ပိုင်း ရေပေါ် တွင်ပေါ်နေသော ဖော့သီး(ပိုက်သီး) များကို နှစ်ဆယ့် ငါးပေ၊ ပေသုံးဆယ် အကွာအဝေးလျှင် တစ်ကြိမ် ပင်လယ်ထဲရှိ ဖော့သီး(ပိုက်သီး)ကို ရေထဲသို့ကူးခတ်ပြီး ကြိုးဖြင့် ချည်ပေးကာ လှေပေါ်တွင်ရှိသော အလုပ်သမားများက ငါးဖမ်းပိုက်ကို လှေပေါ်သို့ ဆွဲယူရန် အဆင့်သင့်ဖြစ် အောင်ဖော့သီး(ပိုက်သီး) ကို ကြိုးချည်ပေးရခြင်း ဖြစ်သည်။

လှေထွက်စရိတ် ဆိုသည်မှာလည်း လစာပေးခြင်းတစ်မျိုး ဖြစ်ပြီး ငါးဖမ်းလှေ အလုပ်သမားများကို ကြိုတင်ငွေပေးဆောင်သော စနစ်ဖြစ်သည်။ ပိုက်သီးကူး ကလေး အလုပ်သမားများနှင့် သာမန်အလုပ်ဝင်လာခါစ အလုပ်သမားသစ်များအနေဖြင့် တစ်လ၏ လုပ်အားခမှာ နှစ်ထောင့်ငါးရာထက် မပိုပေ။ ၀ါရင့်အလုပ်သမားများနှင့် ငါးဖမ်းလှေလုပ်ငန်း တစ်ခုလုံးကို အလုပ်ကျွမ်းကျင်စွာဖြင့် ခေါင်းဆောင် နိုင်သည့် အလုပ်သမားများမှသာ မြန်မာ့ အလုပ်သမားများ အခေါ် ပိုဇန် (ငါးဖမ်း၍ ရလာသည့် ငွေကြေးကို ပြန်လည်ရောင်းချပြီး ရာခိုင်နှုန်းဖြင့် ပေးသောစနစ်) ကို ရရှိ ကြသည်။ ဤစနစ်ဖြင့် ရရှိသည့် အလုပ်သမားများမှာ အတွေ့အကြုံရှိပြီး အလုပ်သက်တမ်း ကြာရှည်သော အလုပ်သမားမျိုးများဖြစ်ကြသည်။ ထိုင်းဘတ်ငွေ ခုနှစ်ထောင်နှင့် တစ်သောင်းကြားတွင် ရရှိကြသော်လည်း ဘတ်ငွေတစ်သောင်း လောက်ရရှိသော အလုပ်သမားများမှာ လှေတစ်စီးလျှင် တစ်ယောက် သို့မဟုတ် နှစ်ယောက် ထက်ပို၍မရှိကြပေ။ ၎င်းအလုပ်သမားများကို မြန်မာအလုပ်သမားများ အခေါ် ရေရှူး (လှေအလုပ်သမားခေါင်းဆောင်) ဟု ခေါ်သည်။

ဝါးတန်းငါးဖမ်းလှေပိုင်ရှင်များ အနေဖြင့် ပိုက်သီးကူးလုပ်ငန်းများတွင် ကလေး အလုပ်သမားများကို အသုံးပြုရခြင်းမှာလည်း ကလေးငယ်များ အနေဖြင့် ပင်လယ်ထဲတွင် ပေါ့ပါးစွာ ရေကူးခတ်နိုင်ခြင်း၊ တစ်ချို့ အနရာယ်ရှိနိုင်သည့် အခြေအနေ များကို အကဲမခတ်တတ်၊ မသိရှိနိုင်သည့် အတွက် လုပ်ငန်းအဆင်ပြေရေးအတွက် သာ အရေးထားပြီး အလုပ်ခိုင်းစေခြင်း ဖြစ်သည်။ မီးထွန်းလှေမှ အီလက်ထရစ် ၀ါယာလက်စ် ရှော့ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မကြာခဏ အသက်ဆုံှးုံး ရသည့် အဖြစ်များကို ကြုံတွေ့ရသည့်အတွက် အလွန့်အလွန် အန္တရာယ်များပြား လွန်းသည်။

ဝါးတန်းငါးဖမ်းလှေလုပ်သားများ အနေဖြင့် ရက်ရှည်နားရက်အဖြစ် တစ်လ လျှင် တစ်ကြိမ်ရှိပြီး သုံးရက်မှ၊ ငါးရက်အတွင်း နားနေခွင့်ရသည် ၎င်းအားလပ်ရက် ကို ကမ်းတက် ရက်ဟုခေါ်သည်။ သို့သော် ၎င်းရက်များထဲ၌ နေ့လည်၊ နေ့ခင်းပိုင်း များတွင် ပျက်စီး၊ ပေါက်ထွက်နေသော ငါးဖမ်းပိုက်များကို ပြန်လည်ပြုပြင် ချုပ်လုပ် ခြင်းဖြင့် အနားယူခွင့်ရခြင်းသာ ဖြစ်သည်။ ၎င်းရက်များမှာ လပြည့်နေ့များဖြစ်ပြီး လပြည့်ကျော် သုံးရက် သို့မဟုတ် ငါးရက်ထိ ဖြစ်သည်။ လမင်း၏အလင်းရောင် ကြောင့် ပင်လယ်ထဲရှိ ငါးများကို ဖမ်းဆီး၍ မရနိုင်သဖြင့် ငါးဖမ်းခြင်းလုပ်ငန်း များကို ရပ်တန့်ထားခြင်းသာ ဖြစ်သည်။

ထောင်သောင်းချီပြီး များပြားသည့် ထိုင်းလုပ်ငန်းရှင်များပိုင် ငါးဖမ်းလှေများ တွင် လုပ်ကိုင်ဆောင်ရွက်နေကြရသည့် ကလေးအလုပ်သမားများကို သေချာစိစစ် ရေတွက်ရမည် ဆိုပါက များပြားလွန်းသည့် မြန်မာ့ကလေးအလုပ်သမား အရေ အတွက်ကို တွေ့ရှိသိမြင်လာမည် ဖြစ်သည်။

ပင်လယ်ထဲမှ ဘ၀များ အကြောင်းကို Southern Migrant ကရေးသားပါတယ်။


Seja o primeiro a comentar

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP