Thursday, July 17, 2008

ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်

ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းနဲ့ပါတ်သတ်တဲ့ စာအုပ်လေးတွေ ဇွန်လထဲမှာ အမှတ်မထင်ပြန်ဖတ်မိနေ ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ရောက်နေတဲ့အတွက် ကြောင့်လည်း လိုခြင်တဲ့၊ ဖတ်ခြင်တဲ့ စာအုပ် တွေကအလွယ်တကူနဲ့လည်းရှာလို့မရခဲ့ပါဘူး။ ကျွန်တော့ဆီမှာ (ဆရာ)တက္ကသိုလ်နေ၀င်း ရေးတဲ့ (အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း) ဆိုတဲ့စာ အုပ်နှစ်အုပ်ပဲ ရှိတာကြောင့် အင်တာနက် စာမျက်နှာတွေမှာလည်း လိုက်ရှာဖတ်နေမိခဲ့ပါတယ်။ (ဆရာ)တက္ကသိုလ်နေ၀င်း ရေးတဲ့ ပြည်ထောင်စု ဗိသုကာဗိုလ်ချုပ်အောင်ဆန်း စာအုပ်ထဲက (ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်)ဆိုတဲံ့ ဆောင်းပါးလေးကို ကျွန်တော့် ဘလောဂ့်ပေါ်မှာ ပြန်လည်ကူးယူတင်ပြထားပါတယ်ခင်ဗျာ။ ယနေ့ထိ မြန်မာနိုင်ငံသမိုင်း မှာအစားထိုးမရနိုင်တော့တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့နေ့ရက်ကို မမေ့နိုင်တဲ့ ရင်ထဲကဆန္ဒလေးကြောင့် ဆောင်းပါးရှင်နဲ့ သက်ဆိုင်သူများ ကိုခွင့်မတောင်းဖြစ်တာ ခွင့်လွှတ်ပါခင်ဗျာ။ အခြားသော အင်တာနက်စာမျက်နှာနဲ့ ဘလော့ဂ် များအပေါ်မှလည်း ကျွန်တော့ ဘလော့ဂ်ပေါ်မှာ ကူးယူဖော်ပြခွင့် လေးပေးဖို့ ပိုင်ရှင်များထံမှလည်း ကြိုတင်ခွင့်တောင်းပါတယ်ခင်ဗျာ။


ကျွန်တော် မမေ့နိုင်သော ဆယ့်ကိုးဇူလိုင်
“ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကား ပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်း ဖြစ်ပါ၏။ အထူးသဖြင့် မှန်ကန်သော ဆိုရိုးစကားလည်း ဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော်သေသောသူ အားတဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံးလုံးလုံး သတိမရတော့ သောအခြေအနေမျိုး ဖြစ်လာတတ် သည်။
ဤသို့လျှင် ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သတ်၍ ချွင်းချက်တော့ ရှိနေပါသည်။ ယင်းချွင်းချက်ကား လွန်ခဲ့သော (၄၈) ၁၉၄၇ - ခုနှစ်၊ ဇူလိုင် (၁၉) ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန်ပြီး မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်သည့်အစွန်းအထင်း၊ အမည်းကွက်ကြီး (သို့မဟုတ်) နိုင်ငံတော် လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရှုံးနှင့်ရေတိမ်နစ် ကျဆုံးခဲ့ရခြင်း သည်အချိန်ကာလ မည်မျှပင်ကြာမြင့်စေကာ မူမေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည် ဟုဆိုချင်ပါသတည်း။
အထူးသဖြင့် (၁၉-၇-၄၇) နေ့ကဖြစ်ရပ်နှင့် တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များ ကိုအနီးကပ် သိရှိခဲ့ရသူ ကျွန်တော့် အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်း စသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ် ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။ ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခုဆက်လက် ဖော်ပြလတ္တံ သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။
၁၉၄၇ - ခုနစ်၊ ဇူလိုင်လဆန်းတွင် ဘီအိုဒီ ခေါ် ဗြီတိသျှ စစ်တပ်ပင်မ လက်နက်ခဲယမ်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များ နှင့် တကွ ခဲယမ်းကျည်ဆန် အမြောက်အမြားကို ပစ္စည်းထုတ် ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ်ရဲတပ်ဖွဲ့ဋ္ဌာန ချုပ်၏ ‘သတင်းတပ်ဖွဲ့’ ကသတင်းရသဖြင့် ပြည်ထဲရေး ၀န်ကြီးမှတစ်ဆင့် အစိုးရ အဖွဲ့ထံ သတင်းပို့အစီရင်ခံခဲ့ပါသည်။
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီး အဖြစ်တာဝန်ယူနေပါသည်။ ဖော်ပြပါ လက်နက်ခမ်းယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရန် ခေတ္တပြည်ထဲရေး ၀န်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြကလည်း ပြည်ထဲရေးဌာနက တိုက်ရိုက်ကွက်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှု နှိမ်နင်းရေး တပ်မှတပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်းအပြည့်အစုံ (မောင်းပြန်သေနတ်များ အပါအ၀င်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း ပြင်ဘက်တွင် လုံခြုံရေးတာဝန် ချထားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည်လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်အရှောက် ခြထားခြင်းကို ဗိုလ်ချုပ်အား လုံးဝအသိမပေးခဲ့ချေ။ ထို့အပြင် ကျွန်တော့်ကိုလည်း နှစ်ယောက်ခြင်း တွေ့၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံရေးတပ်စိတ် ချထားကြောင်းကို ဗိုလ်ချုပ် အား မပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောပဲ နေလိုက်ပါသည်။
သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှရုံးခန်းသို့ အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဌာန်ရေး ၀န်ကြီးဌာန ဘက်သို့ ချိုးကွေ့သည့် ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်လှမ်းမြင်သွားပါသည်။ ချက်ခြင်း ဘာမှမပြောပဲ ဗိုလ်ချုပ် သည် ရုံးခန်းတွင်းသို့ ရောက်တော့မှ ကျွန်တော့်အား တစ်ယောက်ခြင်းခေါ် မေးပါသည်။ (ဟေ့ကောင် ငါ့ရုံးခန်းရှေ့ က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလည်း) (ပြည်ထဲရေး ၀န်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေး အစောင့်ချထားတာပါ) ကျွန်တော်ကရှင်းပြသည်ကို ဗိုလ်ချုပ် သည် သဘောကျ ဟန်မတူပါ။ (မလိုပါဘူးကွာ ငါ့ကိုဘယ်သူကမှလည်း လုပ်ကြံမှာ မဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး ငါ့ရုံးခန်းရှေ့ မှာ လက်ကိုင် ရဲဘော်တွေ ချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် အခုချက်ခြင်း ပြည်ထဲရေး ၀န်ကြီးဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ ပြော ငါ့ရုံးခန်းရှေ့  က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက် ကဲ… မင်းအခုပဲသွားပြောပေတော့။ ) ဗိုလ်ချုပ် ကတိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီး ပျော်ဘွယ် ဦးမြအား ဗိုလ်ချုပ်က အမိန့်ပေးလိုက်ပုံကိုပြောပြလိုက်ပါသည်။ ၀န်ကြီးဦးမြသည် အလွန် စိတ်မကောင်း ဖြစ်သွားပုံရပါသည်။ “ခက်တော့တာပဲကွာ ငါတို့က လုံခြုံရေးအတွက်လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့အမိန့်ကိုလည်း တို့ကမနာခံလို့မဖြစ်ဘူး ငါတော့စိတ်မကောင်းဘူးကွာ” ဤသို့ ငြီးငြူရင်းနှင့် ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့ မှ လက်နက်ကိုင် လုံခြုံရေးတပ် စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။
ထိုနေ့ညနေဘက် ရုံးမှအိမ်သို့ အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောပဲ။ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြစ် ညိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွန်တော့အားမေးခွန်းထုတ်ပါသည်။ “ ဟေ့တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာလက်နက်ရှိသလား ” “မရှိပါဘူး။ ဗိုလ်ချုပ်သူတို့က ပြည်သူ့ရဲဘော်တွေ ဆိုတော့ တရားဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး။” ကျွန်တော်က အမှန်အတိုင်း ပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါ သည်။ “ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ် မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ ကလေးတွေအတွက်တော့ ငါစိုးရိမ်သလိုဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့် တော်မယ့် လက်နက်နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေ ပေးထားလိုက်ဒါပဲ။”
ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့် ဆက်သွယ် အစီအစဉ်လုပ်ပြီး တောမီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူးနှစ်လက်တို့ကို ကျည်ဆံများ နှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေသောရဲဘော်များအား ပေးထားလိုက်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ - ခုနစ်၊ ဇူလိုင်လ (၁၉) ရက် စနေနေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။
အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် (၁၉) ရက်စနေနေ့တွင် ကျင်းပရန်မဟုတ်ပဲ။ ဇူလိုင် (၁၆) ရက်ဗုဒ္ဓဟူးနေ့တွင် လုပ်ရမည်ဖြစ်သည်။ ဤနေရာတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေး အကြောင်း အနည်းငယ်ရှင်းပြရန် လိုပေလိမ့်မည်။ ၁၉၄၆ ခု စက်တင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီးအချိန်မှ စ၍ ၀န်ကြီးအဖွဲ့အစည်းအဝေးကို အပတ်စဉ် စနေနေ့နံနက် ၁၀ နာရီကျင်းပနေကြဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့်အပ်ထားသော ၀န်ကြီးတစ်ဦးဖြစ်နေရာ သူသည်လည်း အပတ်စဉ် စနေနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင် ၁၉၄၇ ခုနစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြီတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်းအက်တလီစာချုပ်” ကို ဂဠုန်ဦးစော နှင့် သခင်ဗစိန်တို့ သဘောမတူဘဲ။ ကန့်ကွက်ကြသဖြင့် မြန်မာပြည် ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ ၀င် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။
ထိုကြောင့် သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ် ဦးဆောင်သော အစိုးရအဖွဲ့အစည်းအဝေးများသို့ မတက်ရတော့ချေ။ ဗြီတိန် နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် ၀န်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို စနေနေ့မလုပ်တော့ဘဲ။ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွေ့ သတ်မှတ်လိုက်သည်။ ယင်းအကြောင်းကို ဂဠုန်ဦးစော ကမသိ ၀န်ကြီးအဖွဲ့အစည်းအဝေးသည်။ စနေနေ့၁၀ နာရီကျင်းပမြကျင်းနေသည်ဟု ထင်မှတ်နေသည်။ ၁၉၄၇ ခုနစ် ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်ယုံမက အစည်းအဝေး ဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့်ဝေထားပြီးဖြစ်သည်။ သို့သော် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခု ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီ အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေသည်။ အစည်းအဝေးနှစ်ခု တိုက်နေ ကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က “လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ် လူကြီးတွေလည်းပါနေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီအတိုင်းပဲထား ကက်ဘိနက်အစည်းအဝေးကိုတော့ စနေနေ့ပြောင်းလုပ်လိုက် ၀န်ကြီးတွေဆီလည်း ဖိတ်စာ အသစ်ရိုက်ပြီးပေးလိုက်” ဟုအမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပ ဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်း ဖြစ်ပွားခဲ့ရပါတော့ သည်။
ဤသည်တို့ကား ၁၉၄၇ ခုနစ် ဇူလိုင်လဆန်းက အမှန်တစ်ကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့လည်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကျူံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကိုတွေ့ ရပါသည်။ ပထမအချက်အနေဖြင့် အကယ်၍ သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့ မှ လက်နက်ကိုင် လုံခြုံရေး တပ်စိတ်ကို ရုတ်သိမ်းရန် အမိန့်မပေးခဲ့ လျှင်ဇူလိုင် ၁၉ ရက်နေ့ ကြတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန် လာသောအခါ လုပ်ခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့ မဖြစ်နိုင် တိုက်ပွဲဖြစ်လျှင်လည်း လုပ်ခြုံရေး တပ်စိတ်က လူအင်အား၊ လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့အား တစ်ယောက်မကျန် သုတ်သင်ခြေမှုန်ပစ်နိုင်မည်မှာ သေခြာသည်။
အကယ်၍သာ တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီက ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ၀န်ကြီးအဖွဲ့ “ကက်ဘိနက်” အစည်းအဝေးကို အခါတိုင်းအပတ်စဉ် ကျင်းပနေကြဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ တွင် ကျင်းပ ဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် လွှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည် မဟုတ်ချေ။
အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံပဲ ဗိုလ်ချုပ်၏ နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်ပြတိုက်တည်ရှိရာ) တွင် လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်အပေါ်ထပ်သို့ပင် တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက်တပ်ဆင်ပေးထားသော အိမ်ရှိရဲဘော်များ နှင့်ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည် ဖြစ်သည်။
သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင် အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။ ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။
ဗိုလ်ချုပ်ခမျာ ကြီးမားသောဖခင်တို့ မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ် ပေါ့ကွာ” ဟုဆိုပြီး ကျွန်တော့်အား အိမ်မှရဲဘော်များ အား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူ အတွက်တော့ လုံးဝမစိုးရိမ်ဘဲ “ငါကသေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာ မဟုတ်ပါဘူး” ဟုပြောခဲ့ရှာသည်။ သို့သော်တကယ်ကျတော့သူထင်သလို မဖြစ်ခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များဘာမှ မဖြစ်ပဲ သူကိုယ်တိုင်ကသာ (၁၉ - ၇ - ၄၇ ) နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။
ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။ ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့ ကဖြစ်ရပ် အကြောင်းပြန် ပြောင်း သတိရမိတိုင်း “သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား” ဟူ သော အဂုင်္တ္တရနိကယ် အဘိဏှ သုတ်တော်လာတရားသဘော အတိုင်းဆင်ခြင်နှလုံးသွင်း၍ သံဝေဂဉာဏ် ပွားများကြ ရန်သာရှိပါတော့သတည်း။

စတိုင်သစ်မဂ္ဂဇင်း
(ဇူလိုင်လ၊ ၁၉၉၅)



2 Comentários:

စိုင်းစိုင်းလားရှိုး said...

မမေ့နိုင်တဲ့ရက်စွဲပါဗျာ..
မမြင်ခဲ့ရပေမယ့် အဲဒီ
ကြေကွဲဖွယ်ဖြစ်ရပ်ကို
နှလုံးငြိုးငယ်စွာနဲ့ ကျနော့
တစ်သက်ဘယ်တော့မှ
မမေ့နိုင်ပါဘူး......

Mintasay said...

Although I can't express my feeling in words for martyrs, I read emotionally whoever write about them today. What a condolence........

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP