Thursday, February 19, 2009

ရာဇ၀င်ထဲက ကြွေပွင့်များ

ရွက်ကြွေတောမှာ
ငါ ရောက် နေခဲ့
လေးနှစ်နဲ့ သုံးလ စွန်းခဲ့ပေါ့....။
အဲဒီကာလရဲ့ အတွေ့အကြုံ
အဖြစ်အပျက်စုံ ဇတ်လမ်း
မှတ်တမ်းမရှိပေမယ့်
ငါ့ဖြတ်သန်းမှုအရ သိခဲ့ရတယ်။
တွယ်ရာ မမဲ့ပေမယ့်
ကယ်ရာ မဲ့ခဲ့သူတွေ
ရွက်ကြွေတွေ အောက်မှာ
ငါတို့ရဲ့ ဆွေမျိုးပေါက်ဖေါ်တွေ
ဟိုတစ်ယောက် ဒီတစ်ယောက်
ဟိုတစ်ပွင့် ဒီတစ်ပွင့်
ကြွေလွင့်ခဲ့တာတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ပျောက်ဆုံးခဲ့ရတဲ့
နှလုံးသွေးပိုင်ရှင်
ငါတို့သွေးချင်း အပျိုစင်တွေရဲ့
ဝိညာဉ် လှလှလေးတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ရောက်ခဲ့ရတဲ့ မိခင်လောင်းတွေ
လင်သေ လက်ကိုဆွဲ
အံကို ကြိတ်ခဲလျှက်
ရမက် ကြွေးတွေ အတွက်
အသက်စတေးခဲ့ရတာတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
တစ်ယောက်နှင့် တစ်စု
စားကျက်လုရင်း
ကြွင်းကျန်ရစ်တဲ့
သွေးဖြစ် ရုပ်ကြွင်းတွေ ရှိတယ်။
ရွက်ကြွေတွေ အောက်မှာ
ရှမ်းပြည်ရောက် မြန်မာတွေရဲ့
အရှက်နဲ့ သိကာတွေ
အသက် သွေး ချွေးတွေ
ဒု နဲ့ ဒေးမျှ ရှိခဲ့တယ်။
သြော်.......
ရွက်ကြွေတောမှာ
ငါရောက်နေတာ လေးနှစ်ကျော် ဆိုပေမယ့်
ဆယ်စုနှစ် သုံးနှစ်ကျော် ဖြစ်ပျက်ခဲ့တဲ့
ငါ မသိသေးတဲ့.......
ငါ မသိနိုင်ခဲ့တဲ့.......
သမိုင်းမထင်တဲ့ ရာဇ၀င် ကြွေပွင့်တွေအကြောင်း
ထောင်သောင်းမက ရှိနေဦးမယ်ဆိုတာ
ရွက်ကြွေတောတွေက သိမှာပါ။
ဟော.............. ကြည့်
အခုလည်းလေ
ရာဘာရွက်တွေ ကြွေနေပြန်ပြီ......။

ရှမ်းပြည် = ထိုင်းနိုင်ငံ

1 Comentário:

vanko said...

ကောင်းလိုက်တဲ့ ကဗျာလေး အစ်ကိုရာ။ သူတို့တွေရဲ့ ဘ၀ဒဏ်ရာတွေကို သရုပ်ပေါ်အောင် လှလှပပဖွဲ့သွားတာပဲ။ ဟိုတစ်ပွင့် ဒီတစ်ပွင့် ကြွေလွင့်ခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ဘ၀ကို တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။ အဆင်ပြေပါစေဗျာ။

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP