Tuesday, November 20, 2007

"လက်အုပ်မိုးချီ တောင်းပန်သည်"

"စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး" စတင်တော့မှ နိုင်ငံရေး အသိတွေ ပြန်လည်နိုးကြွလာခဲ့တယ်။ ဆန္ဒပြပွဲ အရှိန်တွေမြင့်တက်လာတော့ ရင်ထဲမှာဝမ်းသာ၊ ၀မ်းနည်း အလုပ်တွေအားလုံးရပ်ပြီး သတင်းတွေ နောက် တကောက်ကောက်လိုက်ရင်း နေ့ညတွေမှားခဲ့ရတယ်။
ဖြိုခွဲမှုတွေစတင်တော့ အံကိုကြိတ်၊ မျက်ရည်တွေကြခဲ့ရတယ်။ သတင်းတွေကို ကော်ပီလုပ်၊ ဓာတ်ပုံတွေကို ဆွဲချ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်၊ အစိုးရဘယ်လောက်ထိရက်စက်နေတယ် ဆိုတာကိုပြည်ပရောက် အလုပ်သမားတွေကို ဖြန့်ဝေနေရုံနဲ့ တာဝန်ကျေပြီလို့ မယူဆနိုင်တော့ အသက်၊ သွေး၊ ချွေးတွေစတေးနေခဲ့ရပြီ မဟုတ်လား။ စစ်အစိုးရ၀င်ဆီးပြီး ပစ်ခတ်နှိပ်စက်နေတဲ့ ငွေကြာယံကျောင်းတိုက်၊ မိုးကောင်းကျောင်းတိုက် တွေဆိုတာ မိမိမှီခိုကြီးပြင်းလာခဲ့ ရတဲ့ ပတ်ဝန်းကျင်၊ မိမိကိုရင်ဝတ်တော့ မိုးကောင်းကျောင်းတိုက်မှာပါ။

အခုတော့သွေးတွေဟာ လမ်းမပေါ်တင်မက ဘုန်းကြီးကျောင်းဝန်းထဲမှာပါ စီးဆင်းနေခဲ့ရပါပြီ။ ရင်မှာနာကျည်းတယ်၊ ခံပြင်းတယ်၊ အံကိုကြိတ်၊ မျက်ရည်ကြရင်း အတိတ်ကို သတိရမိတယ်။ ကျွန်တော်ခလေး ဘ၀ ၁၉၈၈ ခုနှစ်ရဲ့ သြဂုတ်လ နေ့တစ်နေ့မှာ ရန်ကင်းစစ်ကြောင်းဟာ ဂွတ္တလစ်လမ်းအတိုင်း ဟာမစ်တစ် ကိုဖြတ်ပြီး ဆူးလေဘုရားလမ်းမပေါ်မှ စစ်ကြောင်းကြီးနဲ့ပေါင်းမိတယ်။ လူတန်းကြီးဟာရှေ့နောက်မျက်စိတဆုံး လူလှိုင်းလုံးလိုမြင်နေရတယ်။ ရွှေဂုံတိုင် ပန်းချီပန်းပု ကျောင်းရှေ့  နားကိုကျွန်တော်တို့ရောက်တော့ သေနတ် ပစ်သံတွေ စတင်ကြားရပါတော့တယ်။ ပြေးသူပြေး လဲသူလဲ နဲ့ အားလုံးဟာရုန်းရင်းဆန်ခတ် ဖြစ်သွားပါတယ်။ ပန်းချီပန်းပုကျောင်းဝင်းထဲကို ကျောင်းစိမ်းဝတ်စုံ၊ ယောဂီသပတ်နဲ့ ကျောင်းသူအစ်မ လေး၊ ငါးယောက်လောက် ၀င်ပြေးပါတယ်။ စစ်သားတွေဟာကျောင်းဝင်းထဲ ကပြေးထွက်လာပြီး၊ တံခါးကိုစောင့်ကန်ပြီးပိတ်လိုက်တဲ့ အတွက်ကျောင်းသူအစ်မ သုံးလေးယောက်လောက် လဲကြသွားပါတယ်။ ဗိုက်ကိုစစ်ဖိနပ်ဝတ်ခြေထောက်တွေ နဲ့ကန်တယ်၊ ခေါင်းကိုသေနတ်ဒင်နဲ့ ထုတော့သွေးတွေဖြာခနဲ ထွက်ပြီးလမ်းပေါ်စီးကြလာတယ်။ အရိုက်ခံရတဲ့ အမ တစ်ယောက်က ဆန့်ငင်ဆန့်ငင်နဲ့။ ကျွန်တော်ဆက်မကြည့်ဝံ့တော့ လမ်းမတစ်လျှောက်လည်း ဖိနပ်တွေ၊ လက်ကိုင်ပုဝါတွေ၊ သွေးကွက်တွေဟာမြင်မကောင်း အောင်ကြဲပြန့်နေတယ်။
ကျွန်တော်လမ်းဖြတ်ကူးပြီး ရွှေကျင်ကျောင်းတိုက်ထဲ ၀င်ပြေးတယ်၊ ကျွန်တော်ပြေးတဲ့လမ်းမှာ အုတ်ရေတွင်းတစ်ခုရှိတယ်။ ဘုန်းကြီးကျောင်းထဲရောက်တော့ ဦးဇင်းတစ်ပါးပြေးကြိုတယ်။ ပြီးတော့အိမ်သာ ထဲမှာ သော့ခတ်ထားခဲ့တယ်။ အိမ်သာထဲရောက်တော့ ဘ၀တူ ၈ဦးလောက်ရှိတာကို သိလိုက်ရတယ်။ ခဏလောက်အကြာမှာတော့ စစ်ဖိနပ်အသံတွေနဲ့အတူ ဒီမှာ လူရှိလားမေးသံတွေ၊ ဘုန်းကြီးကျောင်းအပေါ် တက်လာ သံတွေ ကြားနေရတယ်၊ ဒီအခန်းကိုဘာဖြစ်လို့ပိတ်ထားတာလည်း မေးတော့ အထဲကလူတွေရဲ့ အသက်ရှုသံတွေ ဟာရပ်ပြီးအားလုံးဟာတောင့်တောင့် ကြီးတွေဖြစ် ဖြစ်နေကြတယ်။ ဦးပဇင်းက အိမ်သာ အဟောင်းပါ ပျက်နေလို့ပိတ်ထားတာ လို့ပြောသံနှင့်အတူ ပြန်ဆင်းသွားသံတွေ ကြားနေတော့မှ အထဲက လူတွေရဲ့ အသက်ရှုသံတွေကို ပြန်ကြားရတော့တယ်။ အိမ်သာထဲမှာ အချိန်အကြာကြီး နေခဲ့ရတယ်၊ ညောင်း ရင်တယောက်တလဲ ထိုင်ရတယ်။ အပြင်မှာသေနတ်သံတွေတိတ်ပြီး စစ်ကားတွေပြန်ထွက် သွားတော့မှ အိမ်ကို ပြန်ပို့ပေးခဲ့တယ်။ ကျေးဇူးကြီးလှပါတယ်ဘုရား။
အရှင်ဘုရား ဘုရားတပည့်တော် မမေ့ပါဘုရား။ အခုအခါ အရှင်ဘုရားတို့ အလှည့်မှတပည့်တော်ဘာမှ မတတ်နိုင်၊ မလုပ်ပေးနိုင်တာကိုခွင့်လွှတ်တော် မူပါရန် လက်အုပ်မိုးချီလို့ တောင်းပန်ပါတယ်ဘုရား..... တောင်းပန်ပါတယ်ဘုရား.............။
ရေးဖြစ်ခဲ့တာ စက်တင်ဘာလကတည်းကပါ အခုမှတင်ဖြစ်တယ်။ အောင်ကြည်မင်း

Seja o primeiro a comentar

Post a Comment

Powered By Blogger

ဒီလောက်အားပေးပြီးပြီ

Better Tomorrow © Layout By Hugo Meira.

TOP