ဇန်န၀ါရီ ၂၈
မနက်ပိုင်းမှာ ရုံးကိုမ၀င်သေးပဲ လူနာများရှိရာ တန်းလျား ကိုဝင်ခဲ့တယ်။ လူနာတွေ စုဝေးစကားပြောလေ့ရှိတဲ့ ကွပ်ပျစ် ပေါ်မှာပဲ စုဝေးထိုင်ပြီးစကားပြောဖြစ်တယ်။ မရောက်ဖြစ်တာ တစ်ပတ်ခန့် ကြာသွားတော့ သူတို့မေးခွန်း တွေက အများသား၊ သူတို့ ဘယ်လိုဆက်လက်နေထိုင်ရမလည်း ဆိုတာက အဓိကပါ။ နောက်တော့ ARV နဲ့ TB ဆေး အကြောင်းထပ်မေးတယ်။ တတ်နိုင်သလောက်ပြန်ဖြေပြီး ကိုယ်မေးချင်တာကို ပြန်မေးဖြစ်ပါတယ်။
လူနာထဲက ကိုစိုးနိုင် အလုပ်မဆင်းတာကြောင့် နေမကောင်းလို့ အလုပ်မဆင်းနိုင် တာလား လို့မေးကြည့်တော့ မျက်ရည်ဝဲပြီးပြောရှာတယ်။ သူပြီးခဲ့တဲ့ နှစ်လကလုပ်ခဲ့တဲ့ လုပ်အားခကို သူဌေးမရှင်းလို့ စိတ်ညစ်ပြီး အလုပ်မဆင်းတော့ဘူးတဲ့။ စိတ်မကောင်းဖြစ်မိတယ် သူ့ခမျာ ARV ဆေးသောက်ပြီး အလုပ်ကိုကြိုးစား လုပ်ခဲ့တာ အခုတော့ နှစ်လစာ လုပ်အားခမရဘူးတဲ့။ ၁၀ ကျော်ကျော်မှာ ရုံးကို ပြန်လာခဲ့တယ်။
နယ်စည်းမခြားဆရာဝန်များအဖွဲ့ က အစ်မတစ်ယောက်နဲ့ ၁၀နာရီ ခွဲလောက်မှာ တန်းလျားက လူနာတွေကိစ စကားပြောဖြစ်တယ်။ သူပြောတာက တန်းလျားမှာ နယ်စည်းမခြားဆရာဝန်များ အဖွဲ့က လူနာ ၁၉ ဦး တန်းလျား မှာနေနေတယ်တဲ့ ၁၆ ဦးက ARV ဆေးသောက်နေတယ်တဲ့ဘုရားဘုရား။ အခါတိုင်းလူနာတန်းလျားကိုသွား လည်တယ် အားလုံးနဲ့ ရင်းနှီးနေတယ် ဆိုပေမယ့် အဲဒီလောက် တိတိကျကျ မမှတ်ထားမိဘူး။ ထင်လည်း မထင်မိ ဘူး လူနာဦးရေတိုးလာနေပါလား။ လူနာများအတွက် စားဝတ်နေရေးနဲ့ ဆေးအတွက် မိနစ် ၂၀ ခန့်ဆွေးနွေး ခဲ့တယ်။ သူ့အမြင်ကိုယ့်အမြင် ဖလှယ်ခဲ့တယ်။နေ့လည် ပိုင်းမှာ ဘန်နယားစာသင်ကျောင်းမှာ ကလေးတွေကို ကျန်းမာရေးပညာပေးဖို့ သွားတယ်။ ဒါပေမယ့် အခန်းဆုံးစာမေးပွဲစစ်ဆေးတာနဲ့ သွားတိုက်နေလို့။ ကျန်းမာရေး မကောင်းသူများကို ကြည့်ပေးပြီး မူကြိုကျောင်း ကိုဝင်ကြည့်ဖြစ်တယ်။ ကလေးတွေ ချစ်စရာကောင်းလိုက်တာ တန်းစီပြီးအိပ်သူက အိပ်လူသံကြားလို့ ပြူးကြည့် သူကပြူးကြည့်နဲ့။
Seja o primeiro a comentar
Post a Comment